စမတ်ကတ်(UID) မရသေးတဲ့ ပင်စင်စား ဝန်ထမ်းတွေအတွက် ပင်စင်လစာ ထုတ်ပေးတဲ့ ကာလအတွင်း မြန်မာ့စီးပွားရေးဘဏ်တွေမှာ မြေပြင်ကွင်းဆင်းပြီး နေ့ချင်းပြီး ဆောင်ရွက်ပေးနေတယ်လို့ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပင်စင်လစာထုတ်ယူရာမှာ UID နံပါတ်လို့ခေါ်တဲ့ စမတ်ကတ် ရရှိမှသာ ပင်စင်လစာ ထုတ်ယူရမယ်လို့ ထုတ်ပြန်ပြီးတဲ့နောက် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအနေနဲ့ UID နံပါတ် ရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွေမှာ လာရောက်လျှောက်ထားဆောင်ရွက်မှုတွေ များပြားနေတယ်လို့ ဆိုပါတယ်။အဲဒါကြောင့် လုပ်ငန်းတွေ အဆင်ပြေလွယ်ကူစေဖို့ အထူးအစီအစဉ်တစ်ရပ်အဖြစ် ဇူလိုင် ၂၃ ရက်က စပြီး သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်တွေမှာ One Stop Service စနစ်နဲ့ နေ့ချင်းပြီး အဆင်ပြေစွာ ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအနေနဲ့ UID လျှောက်ထားမှုအပေါ် စိုးရိမ်ပူပန်မှု မရှိဘဲ အဆင်ပြေလွယ်ကူစွာ သွားရောက် ဆောင်ရွက်နိုင်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံ့ဝန်ထမ်း အငြိမ်းစားတွေအနေနဲ့ ပင်စင်လစာ ထုတ်ယူရာမှာ လူပုဂ္ဂိုလ်စိစစ်မှုကို တိကျမှန်ကန် မြန်ဆန် စေဖို့အတွက် မြန်မာ့စီးပွားရေးဘဏ်ရဲ့ Centralized e-Pension စနစ်နဲ့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ e-ID စနစ်တို့ ချိတ်ဆက်ပြီး ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ဖို့ UID နံပါတ်လို့ခေါ်တဲ့ စမတ်ကတ် ထုတ်ပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။




