အာဆင်နယ်အသင်းဟာ အခုနွေရာသီတောက်လျှောက် ခေါ်ယူဖို့ကြိုးစားနေခဲ့တဲ့ တိုက်စစ်မှူး ယိုခရက်စ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက စပို့တင်းအသင်းအတွက် ၅၂ ပွဲမှာ ၅၄ ဂိုးအထိသွင်းခဲ့တဲ့ တိုက်စစ်မှူး ယိုခရက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် အာဆင်နယ်အသင်း နွေရာသီအပြောင်းအရွှေ့အစပိုင်းထဲက ကြိုပမ်းနေခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ကစားသမားနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ကို ပုဂ္ဂိုလ်ရေး ဆိုင်ရာ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပေမယ့် စပို့တင်းအသင်းနဲ့ ပြောင်းရွှေ့ကြေးကိစ္စညှိနှိုင်းရာမှာ ကြန့်ကြာနေခဲ့တာ ဖြစ်ပြီး သတင်းတွေအရတော့ ပြောင်းရွှေ့ကြေး ဒေါ်လာ ၇၄ သန်းနဲ့ အခြားခံစားခွင့် ဒေါ်လာ ၁၂ သန်း စုစုပေါင်း ဒေါ်လာ ၈၄ သန်းပေးချေဖို့ကို သဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ယိုခရက်စ်ကလည်း သူ့ရဲ့ အရည်အသွေးကို ပရီးမီးယားလိဂ်မှာ သက်သေပြဖို့အတွက် အမှတ်တကယ်စိတ်ဆုံးဖြတ်ထားပြီး စပို့တင်း အသင်းနဲ့ ပြဿနာဖြစ်တဲ့အထိကို ဆုံးဖြတ်ချက်ခိုင်မာနေခဲ့တာဖြစ်ပါတယ်။

ကိုဗင်ထရီအသင်းနဲ့အတူ ချန်ပီယံရှစ် မှာ ကျင်လည်ခဲ့ဖူးတဲ့ ယိုခရက်စ်ဟာအခုနွေရာသီမှာ အာဆင်နယ်အသင်းကို ရောက်လာမယ့် ၅ ယောက်မြောက် ကစားသမားသစ်လည်းဖြစ်လာတော့မှာပါ။ အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ တိုက်စစ်ကိုအားဖြည့်မှု အဖြစ် တောင်ပံတိုက်စစ်မှူး မာဒူကီကို ခေါ်ယူထားသလို အခုလည်း ယိုခရက်စ်ကိုထပ်မံခေါ်ယူနိုင်ဖို့ နီးစပ်နေတာ လည်းဖြစ်ပါတယ်။




