ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်အချို့မှာ စက်တင်ဘာ ၆ ရက်၊ နေ့လယ်ပိုင်းကစပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးအဆက်မပြတ်ရွာသွန်းခဲ့တာကြောင့် တာမွေ Ocean ရှေ့၊ ငါးထပ်ကြီးဘုရားရှေ့၊ တာမွေပလာဇာရှေ့၊ တာမွေဗလီမှတ်တိုင်ရှေ့၊ စမ်းချောင်းမြို့နယ် မြေနီကုန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)စတဲ့ နေရာအချို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုတွေလည်း နာရီနဲ့ချီဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
စက်တင်ဘာ၇ရက် မနက်ပိုင်းမှာတော့ တချို့နေရာတွေမှာရေပြန်ကျသွားပေမယ့် ဆင်ခြေဖုံးမြို့နယ်တချို့ မှာတော့ ရေပြန်မကျသေးဘူးလို့လည်း ဒေသခံတွေရဲ့ ပြောကြားချက်အရသိရပါတယ်။
နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ စက်တင်ဘာ ၈ ရက်ကနေ ၁၂ ရက်အတွင်း မိုးကြီးတာတွေနဲ့အတူလေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-CJ