စစ်တောင်းမြစ်ရေဟာ လက်ရှိမှာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေပေမယ့် နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်ထက် အနည်းငယ်ကျဆင်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
စက်တင်ဘာ ၂၆ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်ထုတ်ပြန်တဲ့ မြစ်ရေအခြေအနေထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။
စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို ၁ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့်ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်ပါတယ်။ အလားတူစစ်တောင်းမြစ်ရေဟာ မဒေါက်မြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၂ ပေခွဲကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၁ ပေခန့်ကျဆင်းလာနိုင်ပေမယ့် စိုးရိမ်ရေမှတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါတယ်။
ပဲခူးမြစ်ရေကတော့ ပဲခူးမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ လက်မခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ၄ လက်မခန့် ဆက်လက်မြင့်တက်လာနိုင်ကာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အဲဒါကြောင့် ပဲခူး၊ တောင်ငူနဲ့ မဒေါက်မြို့အတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေဆီကို ရှောင်ရှားဖို့အတွက်လည်း သတိပေးနှိုးဆော်ထားပါတယ်။