ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တချို့မှာ အောက်တိုဘာ ၂၀ ရက် ညပိုင်းကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။
တစ်ညလုံး နီးပါး မိုးသည်းထန်းစွာ ရွာသွန်းခဲ့တာကြောင့် ရေကြီးရေလျှံ တာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပြီး တချို့နေရာတွေမှာ တော့ မနက်ပိုင်းအထိ မိုးရွာသွန်းတာတွေ ရှိနေခဲ့ပါတယ်။
အဲဒီအပြင် အောက်တိုဘာ ၁၈ ရက်နဲ့ ၁၉ ရက်နေ့ ညပိုင်းတွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေလည်း ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်၊၊
အောက်တိုဘာ ၂၁ ရက်၊ မနက် ၉ နာရီခွဲအချိန် တိုင်းထွာချက်တွေအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အောက်တိုဘာ ၂၁ရက် မနက်ပိုင်းကနေ အောက်တိုဘာ ၂၄ ရက်အတွင်း နေပြည်တော် အပါအဝင် တိုင်းနဲ့ ပြည်နယ် အများစုမှာ နေရာစိပ်စိပ်ကနေ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး အချို့ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ၊ နေရာကွက် မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်တာ ဖြစ်ပေါ်နိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ အောက်တိုဘာ ၂၁ ရက် မနက် ၇ နာရီအချိန် ထုတ်ပြန်တဲ့ အထူးမိုးလေဝသသတင်းမှာ ဖော်ပြထားပါတယ်။