မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ နိုင်ငံခြားငွေကြေးဈေးကွက်မှာ စက်သုံးဆီနဲ့ စားသုံးဆီ လုပ်ငန်းရှင်တွေကို အမေရိကန်ဒေါ်လာ ၃၅ သန်း ရောင်းချပေးမယ်လို့ အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ် အနေနဲ့ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်ကလည်း အမေရိကန်ဒေါ်လာ ၆ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၂၀၀ နီးပါးကို ဗဟိုဘဏ်၊ AD လိုင်စင်ရဘဏ်တွေ၊ ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်တွေ ပါဝင်တဲ့ နိုင်ငံခြားငွေကြေးဈေး ကွက်မှာ ရောင်းချပေးခဲ့ပါတယ်။
အဲဒါကြောင့် အခုအောက်တိုဘာလအတွင်းမှာတော့ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာ ၃၄ သန်းကျော်၊ ယွမ် သုံးသန်းကျော်နဲ့ ဘတ်သန်း ၂၆၀ ကျော် ရောင်းချပေးပြီး ဖြစ်တယ်လို့ သိရပါတယ်။
အခုလို ဗဟိုဘဏ်က ဒေါ်လာတွေ ထုတ်ရောင်းပေးတဲ့အတွက် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်အတွက် အဆင်ပြေနိုင်ပြီး ပြင်ပဈေးကွက်မှာလည်း ငွေလဲနှုန်းကျဆင်းလာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က ပြောဆိုထားပါတယ်။