မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှာ စက်တင်ဘာလ(၁၉)ရက်က အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းမှာထုတ်ပြန်တဲ့ စက်တင်ဘာလရဲ့အမြင့်ဆုံးအပူချိန်စံချိန်သစ် အခြေအနေကိုထုတ်ပြန်ရာမှာ အခုလိုပါရှိတာပါ။
စက်တင်ဘာလ(၁၉)ရက်မှာတင်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်ကတော့ ၃၂ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်ရှိပြီး အရင်စံချိန်ကျိုးခဲ့တဲ့ (၂၀၂၃)ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းကတော့ ၃၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၈)ရက်ကလည်း တမူးမြို့ မှာ အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ အဲဒီစံချိန်သစ်ဟာ ၃၈ ဒသမ ၀ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး စံချိန်အဟောင်းမှာတော့ ၃၇ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။