ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေတို့မှာဖြစ်ပေါ်ခဲ့တဲ့ မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့်အခြေအနေမရှိတာကြောင့် အဝါရောင်အဆင့်အဖြစ်သတ်မှတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေတို့မှာ ဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ်ဟာ လက်ရှိအနောက်-အနောက်မြောက်ဘက်ကိုရွေ့လျားခဲ့ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ပတ်တု(အ) ခါလီမြို့အနီးက ဖြတ်ကျော်ခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီမုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် စက်တင်ဘာ(၁၄)ရက် မနက်ပိုင်းကနေ (၁၅)ရက်အတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာနေရာအနှံ့အပြားမိုးထစ်ချုန်းရွာနိုင်ပြီး၊ ဒေသအလိုက်နဲ့နေရာကွက်မိုးကြီးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင်နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးတို့မှာ နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး၊ မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။
မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ ရုတ်တရက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက် ကုန်းမြင့်ဒေသအနီးမှာနေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်ကို သတိပြုဖို့လိုတယ်လို့ထုတ်ပြန်ပါတယ်။