သာစည်-ရွှေညောင်လူစီးရထားနှစ်စင်းဟာ လာမဲ့ အောက်တိုဘာ ၃၁ ရက်ကစပြီး သာစည်ကနေ တောင်ကြီးအထိ ပြေးဆွဲပေးသွားမယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။သာစည်-ရွှေညောင်ကိုတော့ အခုနှစ် ဇန်နဝါရီ ၃၁ ရက်ကစပြီး အပတ်စဉ် သောကြာနေ့မှာ အမှတ်(၁၄၁) အဆန် ရထားနဲ့ တနင်္လာနေ့မှာ အမှတ်(၁၄၂) အစုန်ရထားတွေ ပုံမှန် ပြေးဆွဲပေးနေတာပါ။

အခုအခါမှာတော့ သာစည်ကနေ တောင်ကြီးအထိ ပြေးဆွဲပေးမှာဖြစ်ပြီး အမှတ်(၁၄၁)အဆန်ရထားဟာ သာစည် ကနေ မနက် ၅ နာရီ ထွက်ခွာမှာဖြစ်ကာ တောင်ကြီးကို ညနေ ၆ နာရီခွဲလောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။အလားတူ အမှတ်(၁၄၂) အစုန်ရထားကလည်း တောင်ကြီးကနေ မနက် ၆ နာရီ ထွက်ခွာပြီးတော့ သာစည်ကို ည ၇ နာရီခွဲမှာ ရောက်ရှိမှာဖြစ်ကာ ဘူတာစဉ်အလိုက် ရပ်တန့်ပေးသွားမှာ ဖြစ်ပါတယ်။သာစည်ကနေ တောင်ကြီးအထိ ခရီးစဉ် အစအဆုံးအတွက် လက်မှတ်ခအနေနဲ့ ရိုးရိုးတန်းကို ကျပ် ၁၂၀၀၀၊ အထက်တန်းကို ကျပ် ၁၄၀၀၀ ဖြစ်တယ်လို့ မြန်မာ့မီးရထားက သိရပါတယ်။

ဒါ့အပြင် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော် ကျင်းပမဲ့ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားပြည်သူ တွေအနေနဲ့ တောင်ကြီးမြို့ရဲ့ သာယာလှပတဲ့ ရှုခင်းတွေကို စိတ်ချမ်းမြေ့စွာ ကြည့်ရှုခံစားနိုင်ဖို့ တောင်ကြီး-ပေါမူ၊ ပေါမူ-တောင်ကြီး Sight Seeing ရထားခရီးစဉ်ကိုလည်း အထူးကိစ္စတစ်ရပ်အနေနဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၄ ရက် အထိ ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ တောင်ကြီး-ပေါမူ အသွား၊ အပြန် ခရီးစဉ်အတွက် လက်မှတ်ခနှုန်းထား အနေနဲ့ အထက်တန်းတွဲအတွက် တစ်ယောက်ကို ငွေကျပ် ၁၀၀၀၀ နဲ့ ရိုးရိုးတန်းအတွက် တစ်ယောက်ကို ငွေကျပ် ၅၀၀၀ သတ်မှတ်ထားတယ်လို့ သိရပါတယ်။




