မော်လမြိုင်-ရန်ကုန်လမ်းပိုင်းရှိ သိမ်ဆိပ်ဘူတာနဲ့ ဒုံဝန်းဘူတာကြား ရထားလမ်း မိုင်းထောင် ဖျက်ဆီးခံခဲ့ရတာ ကြောင့် နိုဝင်ဘာလ ၇ ရက်က ယာယီရပ်နားထားခဲ့ရတဲ့ မော်လမြိုင်-ရန်ကုန် ရထားခရီးစဉ်ကို နိုဝင်ဘာလ ၉ ရက်မှာ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ မော်လမြိုင်ဘူတာကြီးကနေ သိရပါတယ်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မိုင်းထောင် ဖျက်ဆီးခဲ့တာကြောင့် ရထားသံလမ်း ၂ ဆက်ခန့် ပျက်စီးသွားပြီး အမှတ် ၆၈၆ အစုန် ကျောက်ရထား စက်ခေါင်းအပါအဝင် တွဲ ၄ တွဲ လမ်းချော်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ယာယီဖျက်သိမ်းခဲ့ရတဲ့ နိုဝင်ဘာ ၇ ရက်နဲ့ နိုဝင်ဘာ ၈ ရက် ရထားခရီးစဉ်တွေအတွက် ဝယ်ယူထားတဲ့ လက်မှတ်ခ တွေကိုလည်း မော်လမြိုင်ဘူတာကြီးမှာ နေ့ချင်း ပြန်အမ်းပေးခဲ့ပါတယ်။

အခုအခါ ပျက်စီးသွားတဲ့ ရထားလမ်းပိုင်းကို ပြန်လည်ပြင်ဆင်ပြီးသွားပြီဖြစ်လို့ နိုဝင်ဘာ ၉ ရက်မှာ မော်လမြိုင် ဘူတာကြီးက ထွက်ခွာမဲ့ အမှတ်(၈၂)အစုန် ရထားကို ရိုးရိုး(AAR)ရထားတွဲဆိုင်းနဲ့ မနက် ၈ နာရီခွဲမှာ အချိန်မှန် ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။ နိုဝင်ဘာ ၉ ရက်အတွက် အထက်တန်းရက်ကြိုလက်မှတ်ဝယ်ယူထားတဲ့ ခရီး သည်တွေကို လက်မှတ်ခငွေတွေ ပြန်အမ်းပေးတော့မှာ မဟုတ်ဘူးလို့လည်း မော်လမြိုင်ဘူတာကြီးကနေ သိရပါတယ်။




