မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်လူ ရိုဒရီက အနာဂတ်မှာ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ဖွယ်ရှိတယ်ဆိုတဲ့ သတင်းတွေကို မငြင်းဆိုဘဲ ကမ္ဘာ့အကောင်းဆုံးအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ခက်ပါတယ်လို့ ပြန်ဖြေသွား ခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ရိုဒရီဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၇ နွေရာသီအထိ စာချုပ်ရှိသေးတာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ အက်သက်လက်တီကိုအသင်းကနေ မန်စီးတီးကို ရောက်လာပြီးနောက်ပိုင်း အသင်းအတွက် ၂၉၃ ပွဲ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။ ၂၀၂၄ ရွှေဘောလုံးဆုရှင် ရိုဒရီက အနာဂတ်နဲ့ ပတ်သက်လို့ မန်စီးတီး အသင်းနဲ့ ဆွေးနွေးမှာဖြစ်ပြီး တစ်နေ့မှာတော့ စပိန်ကို ပြန်သွားမှာဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အက်သ လက်တီကိုအသင်းအတွက် ၄၇ ပွဲ ကစားပေးထားသူဖြစ်ပေမယ့် ရိုဒရီကတော့ မြို့ခံပြိုင်ဘက် ရီးရဲလ်အသင်းဆီ ကိုလည်း အခွင့်အရေးရခဲ့ရင် သွားရောက်ကစားမှာဖြစ်တယ်လို့ ဝန်ခံထားပါတယ်။

မက်ဒရစ်မြိုခံ နှစ်သင်းစလုံး မှာ ကစားခဲ့ဖူးတဲ့ ကစားသမားတွေအဖြစ် ဘယ်လ်ဂျီယံဂိုးသမား ကော်တွိုက်စ်နဲ့ စပိန်တိုက်စစ်မှူး မိုရာတာတို့ ရှိထားကြတာဖြစ်ပြီး ရိုဒရီကလည်း ဒီကစားသမားတွေရဲ့ခြေရာကို နင်းဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ရိုဒရီဟာ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ၄ ကြိမ်အပါအဝင် အဓိကဆုဖလား ၁၂ ခုအထိရခဲ့ပေမယ့် ၂၀၂၄ မှာ ဒူးအရွတ်ဒဏ်ရာရပြီးနောက်ပိုင်း ပုံမှန်ကစားနိုင်ဖို့ကို ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။




