လက်ရွေးစင်အသင်းနဲ့အတူကစားဖို့ နောက်ထပ်အခွင့်အရေးက နောက်ခံလူ ဘန်ဝှိုက်နဲ့ ထိုက်တန်တာကြောင့် ခေါ်ယူလိုက်တာဖြစ်တယ်လို့ အင်္ဂလန်အသင်းနည်းပြ တူချယ်က ပြောပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အင်္ဂလန်အသင်း လေ့ကျင့်ရေးကနေ ထွက်ခွာလာပြီးနောက်ပိုင်း လက်ရွေးစင်အသင်းနဲ့ ၃ နှစ်ကျော်ကြာ ကင်းကွာ နေခဲ့တဲ့ ညာနောက်ခံလူ ဘန်ဝှိုက်ကို ဥရုဂွေး၊ ဂျပန်အသင်းတွေနဲ့ ခြေစမ်းပွဲကစားမယ့် လူစာရင်းမှာ နည်းပြ တူချယ်က ခေါ်ယူလိုက်တာဖြစ်ပါတယ်။

ဘန်ဝှိုက်ကို လက်ရွေးစင်အသင်းအတွက် ပြန်ကစားပေးနိုင်မလားလို့ မေးချိန်မှာ ဘန်ဝှိုက်ကလည်း အလျင်အမြန်ပဲ ပြန်ကစားပေးဖို့ သဘောတူခဲ့တာကြောင့် ခေါ်ယူလိုက်တာဖြစ်ပြီး လူတိုင်းက ဒုတိယအကြိမ်အခွင့်အရေးပေးမှုနဲ့ ထိုက်တန်ပါတယ်လို့ နည်းပြတူချယ်က ပြောလိုက်ပါတယ်။ ဘန်ဝှိုက်နဲ့ အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်တို့ကြားက ပြဿနာကို လုံးဝစိတ်မဝင်စားသလို အင်္ဂလန် အသင်းနဲ့အတူ စာမျက်နှာသစ်တစ်ခုကို ရေးသားဖို့ ကြိုးစားနေတာဖြစ်လို့ အတိတ်က ကိစ္စတွေကို တွေးနေမှာ မဟုတ်ဘူးလို့လည်း တူချယ်က ပြောပါတယ်။

ဘန်ဝှိုက်အနေနဲ့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ပါဝင်ခဲ့တဲ့ အင်္ဂလန်အသင်းဖော်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့တော့ လိုအပ်တယ်လို့ တူချယ် က သုံးသပ်သွားခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ စနေညမှာ ဥရုဂွေးအသင်းနဲ့ ခြေစမ်းမှာဖြစ်ပြီး နောက် ၄ ရက်အ ကြာမှာ ဂျပန်အသင်းနဲ့ ခြေစမ်းပွဲကစားမှာဖြစ်ပါတယ်။



