တနင်္ဂနွေည ကစားမဲ့ အာဆင်နယ်အသင်းနဲ့ပွဲမှာ မန်စီးတီးအသင်းရှုံးနိမ့်ခဲ့ရင် အခုရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဆုဖလားလုပွဲ ပြီးဆုံးသွားပြီလို့ သတ်မှတ်ရတော့မှာဖြစ်ကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက သူ့အသင်းသား တွေကို သတိပေးလိုက်ပါတယ်။ အခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတဲ့ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတို့ဟာ မန်စီးတီးအိမ်ကွင်း အီတီဟတ်မှာ ကစားရတော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာ အာဆင်နယ်က မန်စီးတီးကို ၆ မှတ်ဖြတ်ထားတယ်ဆိုပေမဲ့ မန်စီးတီးက တစ်ပွဲလျော့ ကစားထားသလို အိမ်ကွင်းမှာ အာဆင်နယ်ကို လက်ခံကစားရဦးမှာဖြစ်လို့ လိုက်မီဖို့ အခွင့်အရေးရှိနေတာ ဖြစ်ပါတယ်။ တနင်္ဂနွေည ပွဲနဲ့ ပတ်သက်လို့ အဖြေက ရှင်းရှင်းလေးပါ၊ မန်စီးတီးအသင်း ရှုံးရင် အားလုံးပြီးဆုံးသွားပြီ ဖြစ်ပါ တယ်လို့ ဂွါဒီယိုလာက ပြန်ဖြေသွားခဲ့တာပါ။

ပြိုင်ဘက်အာဆင်နယ်အသင်းက နေရာစုံမှာ ခိုင်မာမှုရှိသလို နိုင်လိုစိတ်ပြင်းပြင်းနဲ့ ကစားနိုင်စွမ်းရှိတဲ့အသင်း ဖြစ်တာကြောင့် အခုရာသီမှာ အာဆင်နယ်အသင်းကို လိုက်ပြီး စိန်ခေါ်နိုင်တဲ့အတွက် ဂုဏ်ယူမိတယ်လို့လည်း ဂွါဒီယိုလာက ပြောပါတယ်။တကယ်လို့ မန်စီးတီးအနေနဲ့ အာဆင်နယ်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင်တောင် လက်ကျန်ပွဲစဉ် အနေအထား အရ ချန်ပီယံဆုရဖို့အတွက် ရေပန်းစားတဲ့အဆင့်ကို ရောက်မှာ မဟုတ်ဘူးလို့လည်း ဂွါဒီယိုလာက သုံးသပ်သွား ခဲ့ပါတယ်။




