မန်ယူအသင်းဆီကို ပြန်လာခွင့်ရပြီး အသင်းရဲ့ အစိတ်အပိုင်းတစ်ခုပြန်ဖြစ်ခွင့်ရတာက မယုံကြည်နိုင်စရာခံစားမှု ဖြစ်တယ်လို့ ယာယီနည်းပြ မိုက်ကယ်ကာရစ်က ပြောပါတယ်။ မန်ယူအသင်းဟာ ဇန်နဝါရီလ ၅ ရက်နေ့မှာ နည်းပြ အမိုရင်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက် ဇန်နဝါရီလ ၁၃ ရက်နေ့မှာ အသင်းကို ရာသီကုန်အထိ တာဝန်ယူမယ့် ယာယီနည်းပြအဖြစ် ကာရစ်ကို ခန့်အပ်လိုက်တာဖြစ်ပါတယ်။

အသက် ၄၄ နှစ်အရွယ် ကာရစ်ဟာ ၂၀၂၁ ခုနှစ်တုန်းက ဆိုးလ်ရှားအထုတ်ခံရပြီးနောက် မန်ယူအသင်းကို ယာယီနည်းပြအဖြစ် ၃ ပွဲတာဝန်ယူခဲ့ဖူးတာ ဖြစ်ပါတယ်။ ယာယီနည်းပြ ကာရစ်ရဲ့ မန်ယူနည်းပြဘဝ တစ်ကျော့ပြန် ပထမဆုံးပွဲက စနေညမှာ ကစားမယ့် မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲဖြစ်လာမှာပါ။ ဒါက ကြီးမားတဲ့ တာဝန်တစ်ခုဖြစ်သလို အသင်းနဲ့အတူ အကောင်းဆုံးကြိုးစားသွားမယ်လို့ မန်ယူယာယီနည်းပြဖြစ်လာပြီးနောက် ကာရစ်က ပြောပါတယ်။ ယာယီနည်းပြ ကာရစ်ဟာ သူ့ရဲ့ နည်းပြအဖွဲ့ထဲကို အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြ စတိဗ်ဟော်လန်ကို ထည့်သွင်းခဲ့သလို မစ်ဒယ်ဘရော့အသင်းကို တာဝန်ယူစဉ်က လက်တွဲခဲ့ဖူးတဲ့ ဝုဒ်ဂိတ်၊ မန်ယူအသင်းဖော်ဟောင်း အီဗန်နဲ့ ထရာဗစ်ဘင်နီယွန်တို့ကို သူ့ရဲ့နည်းပြအဖွဲ့မှာ ခေါ်ယူထားပါတယ်။

ကာရစ်ဟာ မန်ယူအသင်း ဘောလုံးဒါရိုက်တာ ဝီလ်ကော့စ်၊ အမှုဆောင်အရာရှိ အိုမာဘရာဒါတို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ယာယီနည်းပြရာထူးကိုလက်ခံဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ယာယီနည်းပြ ကာရစ်ဟာ မန်ယူ အသင်းကို ၄-၂-၃-၁ ကစားကွက်နဲ့ အသုံးပြုသွားမယ်လို့ သိရပါတယ်။




