လီဗာပူးအသင်းနဲ့ စာချုပ်ပြည့်လို့ လမ်းခွဲထားတဲ့ ဘယ်နောက်ခံလူ ရောဘတ်ဆန်ကို စပါးအသင်း ခေါ်ယူ လိုက်ပါတယ်။အသက် ၃၂ နှစ်အရွယ် ရောဘတ်ဆန်ကို စပါးအသင်းခေါ်ယူဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက နီးစပ်ခဲ့ပေမယ့် ကစားသမားက လီဗာပူးအသင်းမှာပဲ စာချုပ်ပြည့်တဲ့အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် အခုနွေရာသီ ဈေးကွက်မှသာ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် နောက်ဆုံးပွဲအထိ တန်းဆင်ဇုန်က လွတ်အောင်ရုန်းကန်ခဲ့ရတဲ့ စပါး အသင်း ဟာ လာမယ့်ရာသီအတွက် အသင်းကို သေချာပြင်ဆင်သွားဖို့ ရှိနေပြီး ရောဘတ်ဆန်က နည်းပြ ဒီဇာဘီ လက် ထက် ပထမဆုံးခေါ်ယူမှုလည်း ဖြစ်လာမှာပါ။ ရောဘတ်ဆန်ကို အရင်ထဲက သဘောကျနေခဲ့တာဖြစ်ပြီး အသင်းအတွက် ထူးချွန်တဲ့ နည်းပညာတွေ၊ အတွေ့ အကြုံနဲ့ ခေါင်းဆောင်နိုင်မှုအရည်အသွေးတွေကို ယူဆောင်လာမှာဖြစ်ပါတယ်လို့ နည်းပြ ဒီဇာဘီက ပြော သွားပါတယ်။

၂၀၁၇ ခုနှစ်မှာ ဟားလ်စီးတီး အသင်းကနေ လီဗာပူးကို ရောက်လာခဲ့တဲ့ ရောဘတ်ဆန်ဟာ လီဗာပူးအသင်း အတွက် ပွဲပေါင်း ၃၇၈ ပွဲပါဝင်ကစားပေးထားပြီး ပရီးမီးယားလိဂ် ချန်ပီယံဆု ၂ ကြိမ် နဲ့ ချန်ပီယံလိဂ် ဆုဖလား တစ်ကြိမ် အပါအဝင် အောင်မြင်မှုတွေ ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။




