အဲဗာတန်အသင်းနောက်ခံလူ ဘရန့်ဝိတ်ဟာ တံကောက်ကြော ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရမှာဖြစ်တာကြောင့် ကာလအတန်ကြာ အနားယူရမှာဖြစ်တယ်လို့ သိရပါတယ်။ အသက် ၂၃ နှစ်အရွယ် ဘရန့်ဝိတ်ဟာ ရာသီကြို ကာလမှာ ဒဏ်ရာရခဲ့တာကြောင့် အခုရာသီ အဲဗာတန်အသင်းအတွက် မကစားပေးနိုင်သေးတာဖြစ်ပါတယ်။

ဘရန့်ဝိတ်ရဲ့ ဒဏ်ရာကို ဇူလိုင်လ စစ်ဆေးမှုတွေအရ အသေးစားဒဏ်ရာလို့သာ သတ်မှတ်ခဲ့ပေမယ့် အခုချိန်မှာ တော့ ဒဏ်ရာအခြေအနေက ပိုဆိုးလာခဲ့လို့ ခွဲစိတ်မှုခံယူရဖို့အထိ လိုအပ်လာခဲ့တာဖြစ်ပါတယ်။ အထူးကုနဲ့ တိုင်ပင်ပြီးနောက်မှာ ဘရန့်ဝိတ်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ဖို့အတွက် ဆုံးဖြတ်ခဲ့ပြီး ခွဲစိတ်မှုအပြီးမှာ အသင်းဆေးအဖွဲ့ရဲ့ အနီးကပ်စောင့်ကြည့်မှုနဲ့ ပြန်လည်သက်သာလာရေး အစီအစဉ်တွေ စတင်လုပ်ဆောင်မှာ ဖြစ်တယ်လို့ အဲဗာတန်အသင်း ကြေညာချက်မှာ ရေးထားပါတယ်။

လူငယ်နောက်ခံလူ ဘရန့်ဝိတ်ကို ချဲလ်ဆီး၊ မန်ယူနဲ့ စပါအသင်းတွေ စိတ်ဝင်စာလာခဲ့ကြလို့ အဲဗာတန်အသင်းဟာ အခုနွေမှာ ၅ နှစ်စာချုပ်သစ်ကို ချုပ်ဆို ထားခဲ့တာဖြစ်ပါတယ်။ ဒဏ်ရာခွဲစိတ်မှုကြောင့် ဘရန့်ဝိတ် ကာလရှည်အနားယူရဖွယ်ရှိနေတာကြောင့် အဲဗာတန် အသင်းဟာ လာမယ့် ဇန်နဝါရီဈေးကွက်မှာ နောက်ခံလူသစ်ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။




