နှစ်နိုင်ငံအကြား တင်းမာမှုတွေရှိနေပေမယ့် အမေရိကန်နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းသေချာပေါက် ပါဝင်မှာဖြစ်တယ်လို့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောလိုက် ပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ပူးပေါင်းပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းပါဝင်ဖို့က မသေမချာတွေဖြစ်လာခဲ့တာပါ။

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အမေရိကန်၊ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပမှာဖြစ်ပြီး အီရန်အသင်းရဲ့ အုပ်စု ပွဲစဉ် ၃ ပွဲစလုံးကို အမေရိကန်နိုင်ငံမှာ ကစားရမှာဖြစ်ပါတယ်။ အီရန်ဘက်က အမေရိကန် နိုင်ငံကို မသွားချင် တဲ့အတွက် ပြိုင်ပွဲကနေ နုတ်ထွက်ဖို့ (ဒါမှမဟုတ်) အီရန်အသင်း ပွဲစဉ်တွေကို မက္ကဆီကို နိုင်ငံထဲမှာ ပြောင်းလဲ ကစားဖို့ကို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဖီဖာဘက်ကတော့ ပွဲစဉ်တွေ နေရာပြောင်းလဲကစားဖို့ တောင်းဆိုချက်ကို ပယ်ချထားပြီး မူလစီစဉ်ထားတဲ့ အတိုင်းသာ ကစားရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ပြောထားပါတယ်။ အီရန်အသင်း ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ရောက်လာမှာ သေချာပါတယ်လို့ ဝါရှင်တန်မြို့ကို ရောက်နေတဲ့ ဖီဖာ ဥက္ကဋ္ဌ အင်ဖန်တီနိုက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။ အီရန်အသင်းက ကမ္ဘာ့ဖလားကို ဝင်ပြိုင်ဖို့အတွက် အရည်အချင်းမီသလို ပြိုင်ပွဲကျင်းပချိန်လောက်ဆိုရင် ငြိမ်းချမ်းတဲ့ အခြေအနေဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်းလည်း အင်ဖန်တီနိုက ပြောသွားပါတယ်။



