အသင်းရဲ့ကွင်းလယ်ကစားသမားသစ် ဒါနီ အိုလ်မိုအနေနဲ့ အသင်းအတွက် ပထမဆုံးကစားခွင့်ရနိုင်မယ့်ရက်ကို အတိအကျ မပြောနိုင်ဘူးလို့ ဘာစီလိုနာနည်းပြ ဟန်ဆီ ဖလစ်ခ်က ဝန်ခံသွားခဲ့ပါတယ်။
စပိန်အသင်းနဲ့အတူ ယူရို ချန်ပီယံဖြစ်ခဲ့တဲ့ အိုလ်မိုကို ဘာစီလိုနာအသင်းက လွန်ခဲ့တဲ့ ၃ ပတ်က ခေါ်ယူထားခဲ့ပေမယ့် လာလီဂါရာသီသစ် စတင်ချိန်အထိ ကစားသမားစာရင်းမှာ မှတ်ပုံမတင်နိုင်သေးတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အိုလ်မိုဟာ လက်ရှိမှာ ဘာစီလိုနာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းမှုတွေသာ ပြုလုပ်နေရပြီး ပွဲကစားခွင့်မရဘဲ ပွဲကြည့်စင်ကနေသာ အသင်းကို အားပေးခွင့်ရနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းဟာ ကစားသမားသစ်ကို မှတ်ပုံတင်နိုင်ဖို့အတွက် အသင်းမှာ ရှိပြီးသားဖြစ်တဲ့ ဂန်ဒိုဂန်နဲ့ ဗစ်တာရိုကွေးတို့ကို အသင်းကနေ ထွက်ခွာဖို့ ဖိအားပေးမှုတွေ ပြုလုပ်ထားခဲ့ပေမယ့် အခုချိန်ထိ မှတ်ပုံတင်နိုင်ဖို့က ဘဏ္ဍာရေးအခြေအနေ လိုအပ်ချက်တွေ ရှိနေတာပါ။
ဘီလ်ဘာအို အသင်းကို အနိုင်ရတဲ့ လာလီဂါပွဲအပြီးမှာ နည်းပြဖလစ်ခ်က အိုလ်မိုရဲ့ ကိစ္စက အသင်းဘဏ္ဍာရေး အခြေအနေ ဖြစ်နေတာကြောင့် မိမိတို့အနေနဲ့ ပြောင်းလဲခွင့်မရှိသလို အိုလ်မိုကို ဘယ်အချိန်မှာ အသုံးပြုခွင့် ရမယ်ဆိုတာကိုလည်း အတိအကျမပြောနိုင်သေးဘူးလို့ ပြောသွားခဲ့ပါတယ်။