ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးကို ခေါ်ယူနိုင်ရန်အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယား အသင်းအတည်ပြုခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် ပိုလန်လက်ရွေးစင်အသင်းရဲ့ ဂိုးအများဆုံး သွင်းသူဖြစ်တဲ့ လီဝန်ဒေါစကီးဟာ အခုရာသီအကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်ပြည့်မှာဖြစ် ပါတယ်။

သတင်းတွေအရတော့ လီဝန်ဒေါစကီးဟာ စာချုပ်ပြည့်ချိန်မှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပြီး လုပ်ခလစာနဲ့ ပတ်သက်လို့တော့ စဉ်းစားသွားဖွယ်မရှိဘူးလို့ ဆိုပါတယ်။

ဘာစီလိုနာနဲ့ အခုထိ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတဲ့ လီဝန်ဒေါစကီးကို ဆော်ဒီပရိုလိဂ်ကလပ်တွေကလည်း ခေါ်ဖို့စောင့်ကြည့်နေပေမယ့် ကစားသမားကတော့ မေဂျာလိဂ်ကိုသွားဖို့ ပိုပြီး စိတ်ဝင်စားနေပါတယ်။
ချီကာဂိုဖိုင်းယားအသင်းဟာ အခုနှစ် မေဂျာလိဂ်မှာ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပလေးအော့ဖ်အဆင့်ကို ပထမဆုံးအကြိမ် ဝင်ရောက်ခွင့်ရခဲ့ ပြီးနောက် ဥရောပရဲ့ နာမည်ကြီးကစားသမားတွေကို ခေါ်ယူဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီ အသင်း ကလည်း တိုက်စစ်မှူး ဆွာရက်ဇ်ကို စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ဘူးဆိုရင် လီဝန်ဒေါစကီးကိုခေါ်ဖို့အတွက် လှုပ်ရှား လာဖွယ်ရှိနေပါတယ်။ချီကာဂိုဖိုင်းယားအသင်းကတော့ အခုနှစ်အစောပိုင်းတုန်းက နေမာနဲ့ ဒီဘရိုင်းတို့လို ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တာဖြစ်ပါတယ်။




