မာစီးဒီးစ် ဖော်မြူလာဝမ်းအသင်း အုပ်ချုပ်သူ တိုတိုဝုဖ်ဟာ သူပိုင်ဆိုင်တဲ့ အသင်းရှယ်ယာတွေထဲက ၁၅ ရာခိုင်နှုန်းကို ပေါင်သန်း ၂၃၀ နဲ့ ရောင်းချလိုက်ပါတယ်။

မာစီးဒီးစ်အသင်း ရှယ်ယာတွေကို အမေရိကန် ဘီလျံနာ ဂျော့ချ်ကက်ဇ် ဆီကို ရောင်းချလိုက်တာဖြစ်ပြီး အသက် ၅၅ နှစ်အရွယ် ကက်ဇ်ဟာ မာစီးဒီးစ်အသင်းကို စပွန်ဆာ ပေးသူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

မာစီးဒီးစ်ဖော်မြူလာဝမ်းအသင်းရဲ့ တန်ကြေးက ပေါင် ၄ ဒသမ ၆ ဘီလျံတန်ကြေးရှိပြီး ဖော်မြူလာဝမ်း အသင်းတွေထဲ တန်ကြေးအမြင့်ဆုံးလည်းဖြစ်ပါတယ်။

တိုတိုဝုဖ်ဟာ မာစီးဒီးစ်အသင်း ရှယ်ယာ ၃ ပုံတစ်ပုံကို ပိုင်ဆိုင်ထားတာဖြစ်ပြီး အခုလို ရှယ်ယာတွေရောင်းချလိုက်ပေမယ့် အသင်းအုပ်ချုပ်သူအဖြစ်ကတော့ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝန်းက အားကစားအသင်း တွေရဲ့ တန်ဖိုးက မြင့်တက်နေတာဖြစ်လို့ မာစီးဒီးစ်အသင်းရှယ်ယာတွေကို ဝယ်ယူခဲ့တဲ့တန်ကြေးက သင့်တင့်မျှတ ပါတယ်လို့ အမေရိကန် ဘီလျံနာ ကက်ဇ်က ပြောပါတယ်။
ဖော်မြူလာဝမ်းက တကယ့်ကို အောင်မြင်နေတဲ့ အားကစားပြိုင်ပွဲတစ်ခုဖြစ်ပြီး စီးပွားရေးအရလည်း အပြောင်းအလဲတွေ ဖြစ်လာနိုင်ပါတယ်လို့ ကက်ဇ်က သုံးသပ်သွားပါတယ်။
တိုတိုဝုဖ်ကတော့ ရှယ်ယာတွေကို ရောင်းချရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ပြောကြား တာမျိုးမရှိဘဲ သူ့ဆီကနေ ရှယ်ယာတွေကို ဝယ်ယူသွားတဲ့ ကက်ဇ်က မာစီးဒီးစ်အတွက် သစ္စာရှိတဲ့ အားကစား သံတမန်တစ်ဦးဖြစ်တယ်လိုပဲ ချီးကျူးသွားပါတယ်။




