ဗြိတိန် လေယာဉ်မှူးကို ရုရှားရေယာဉ်က လေဆာရောင်ခြည်နဲ့ လှမ်းထိုးပြီး အနှောင့်အယှက် ပေးခဲ့တဲ့ဖြစ်ရပ် အပြီး စစ်ရေးအရ ရွေးချယ်တုံ့ပြန်တာတွေကို အသင့်ပြင်ထားကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက သတိပေး ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ဗြိတိန် ရေပိုင်နက်အလွန် စကော့တလန် မြောက်ပိုင်းနားမှာ ခုတ်မောင်းနေတဲ့ ရုရှားသူလျှိုသင်္ဘော Yanter က လာရောက် ကင်းလှည့်စောင့်ကြည့်တဲ့ ဗြိတိန်ကင်းထောက်လေယာဉ်မှူးတွေကို လေဆာရောင်ခြည်နဲ့ ထိုးပြီး အနှောင့်အယှက် ပေးခဲ့တဲ့ ဖြစ်စဉ်ဟာ ရန်လိုခြိမ်းခြောက်တာလို့ သတ်မှတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟေလီက ပြောကြားခဲ့တာပါ။

၂၀၂၂ မှာ ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ ဗြိတိန်ဟာ နိုင်ငံကမ်းလွန်မှာ ခုတ်မောင်း သွားတဲ့ ရုရှားရေယာဉ်တွေရဲ့ လမ်းကြောင်းကို ရေယာဉ်၊ လေယာဉ်တွေ စေလွှတ်ပြီး စောင့်ကြည့်စေလေ့ ရှိပါတယ်။
Yanter ဟာ ရုရှားရဲ့ ထောက်လှမ်းရေး အချက်အလက် စုဆောင်းမှုနဲ့ ပင်လယ်သမုဒ္ဒရာကြမ်းပြင် မြေပုံမှတ်သားမှု မစ်ရှင်တွေကို ကိုင်တွယ်နေတဲ့ ရေယာဉ်တစ်စင် ဖြစ်ပါတယ်။

ရုရှား သူလျှိုသင်္ဘောက တော်ဝင်လေတပ် လေယာဉ်မှူးတွေဆီ လေဆာရောင်ခြည်နဲ့ လှမ်းထိုးပြီး နှောင့်ယှက်တာ ဟာ အကြီးအကျယ် အန္တရာယ်ဖြစ်စေနိုင်တယ်လို့ ဂျွန်ဟေလီက စွပ်စွဲခဲ့ပါတယ်။
တကယ်လို့ Yantar ကို စောင့် ကြည့်နေရာကနေ လမ်းကြောင်းပြောင်းသွားတာ တစ်ခုခု ရှိလာရင် စစ်ရေးအရ ရွေးချယ်တာမျိုးကို စဉ်းစားဖို့ လည်း အသင့်ပြင်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်လို အစီအမံတွေ ဖြစ်မလဲ ဆိုတာကိုတော့ အသေးစိတ် မှတ်ချက် မပေးခဲ့ပါဘူး။




