ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်ယူအသင်းက သူ့ကို ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဆီ ရောင်းချဖို့ ကြိုးစားခဲ့တဲ့အတွက် နာကျင်ခံစားခဲ့ရတယ်လို့ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်က ဖွင့်ဟလိုက်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဖာနန်ဒက်စ်အတွက် အယ်ဟီလယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ တစ်ပါတ်လုပ်အားခ ပေါင် ၇ သိန်း ဆိုတဲ့ မြင့်မားတဲ့ကမ်းလှမ်းမှုလုပ်ခဲ့တာဖြစ်ပြီး ဖာနန်ဒက်စ်က ဒီကမ်းလှမ်းမှုကို ပယ်ချကာ မန်ယူအသင်းမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဖာနန်ဒက်စ်နဲ့ မန်ယူအသင်းတို့ လက်ရှိစာချုပ်က ၂၀၂၇ နွေရာသီအထိရှိပြီး နောက်ထပ် တစ်နှစ်အလိုအလျောက်သက်တမ်းတိုးခွင့်လည်း ပါရှိတာ ဖြစ်ပါတယ်။

မန်ယူအတွက် ပွဲပေါင်း ၃၀၀ ကျော် ကစားပေးထားတဲ့ ဖာနန်ဒက်စ်က လာမယ့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးထိ သူ့အနာဂတ်နဲ့ ပတ်သက်လို့ဆွေးနွေးမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
အင်တာဗျူး တစ်ခုမှာ ဖာနန်ဒက်စ်က ပြီးခဲ့တဲ့နွေရာသီ အသင်းကနေ ဖာနန်ဒက်စ် ထွက်သွားလည်း အများကြီး ထိခိုက်မှာ မဟုတ်ဘူးဆိုတဲ့ အမြင်မျိုးရှိတာ သိခဲ့ရတဲ့အတွက် နာကျင်ခဲ့ရတယ်လို့ ဖွင့်ဟသွားခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ မန်ယူကိုရောက်လာခဲ့တဲ့ ဖာနန်ဒက်စ်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၃၀၇ ပွဲမှာ ၁၀၃ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၉၃ ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။




