မြန်မာ-ရုရှား နှစ်နိုင်ငံ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွေ အပါအဝင် ကဏ္ဍစုံကျယ်ပြန့်စွာ ပိုမိုတိုးမြှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး ကိစ္စရပ်တွေကို ဇွန်လ ၃ ရက်က စိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့ (၂၉)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်မှာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်တဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဒုတိယဝန်ကြီးတွေ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ မြန်မာကောင်စစ်ဝန်ချုပ် အပါဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတာပါ။ပထမဦးစွာ ဒုတိယသမ္မတနဲ့အဖွဲ့ဟာ ရုရှားသမ္မတရဲ့ အကြံပေးနှင့် ဖိုရမ်ကျင်းပရေးကော်မတီ အမှုဆောင် အတွင်း ရေးမှူးနဲ့ တွေ့ဆုံပြီး မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်နေတဲ့ အခြေနေတွေ၊ ကုန်သွယ်မှုနဲ့ ရင်းနှီး မြှုပ်နှံမှုကဏ္ဍတွေကို ဆွေးနွေးခဲ့ကြပါတယ်။

အဲဒီနောက်မှာဒုတိယသမ္မတက ရော့စ်ကွန်ဂရက်စ်ငွေကြေးရန်ပုံငွေအဖွဲ့(Fund RC- Investments) ညွှန်ကြားရေး မှူးနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက သက်ဆိုင်ရာဝန်ကြီးဌာန၊အဖွဲ့အစည်းတွေနဲ့ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံ ငွေအဖွဲ့တို့အကြား စိုက်ပျိုးရေးကဏ္ဍ၊ သတ္တုကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍနဲ့ လျှပ်စစ်ကဏ္ဍတွေမှာ အကောင်အထည် ဖော် ပူးပေါင်းဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်တွေအလိုက် ဖြစ်ပေါ်တိုးတက်မှုအခြေနေတွေနဲ့ ဆက်လက်တိုးမြှင့် ပူးပေါင်းဆောင်ရွက်သွားမဲ့ အခြေနေတွေကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။




