ဘရန့်ဖို့ဒ်အသင်းရဲ့ ဘရာဇီးတိုက်စစ်မှူး အီဂေါ် သီယာဂိုဟာ ပရီးမီးယားလိဂ် စံချိန်မှတ်တမ်းသစ်တစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဆန်းဒါးလန်းအသင်းကို အနိုင်ရတဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းယူ နိုင်ခဲ့ပြီးနောက် သီယာဂိုဟာ ဒီစံချိန်မှတ်တမ်းသစ်ကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် သီယာဂိုဟာ ဆန်းဒါးလန်းနဲ့ပွဲက သွင်းဂိုး ၂ ဂိုးအပါအဝင် အခုရာသီ ဘရန့်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် သွင်းဂိုးက ၁၆ ဂိုးရှိလာပြီဖြစ်ပြီး ပရီးမီးယားလိဂ် တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ဘရာဇီး ကစားသမား အဖြစ် စံချိန်တင်လိုက်တာဖြစ်ပါတယ်။

လီဗာပူးအသင်းတိုက်စစ်မှူး ဖာမီနို၊ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီနဲ့ မန်ယူတိုက်စစ်မှူး ကူညာတို့ဟာ အရင်က တစ်ရာသီ သွင်းဂိုး ၁၅ ဂိုးစီနဲ့ ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံး ကစားသမားတွေအဖြစ် ရပ်တည်ထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အဲဗာတန်နဲ့ ပွဲမှာ ဟက်ထရစ်ရခဲ့တဲ့ သီယာဂိုဟာ အခုဆန်းဒါးလန်းနဲ့ပွဲမှာလည်း ဟက်ထရစ်ရဖို့ နီးစပ်ခဲ့ပေမယ့် ပွဲချိန် ၈၂ မိနစ် မှာလူစားလဲခံလိုက်ရတဲ့အတွက် ၂ ပွဲဆက်ဟက်ထရစ်ရမယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။
ဘရန့်ဖို့ဒ် နည်းပြ အန်ဒရူးစ်ကတော့ သီယာဂိုက အသင်းတိုက်စစ်အတွက် အရေးပါတဲ့ကစားသမားဖြစ်တာကြောင့် ပွဲပန်းမှု ကနေ သက်သာစေဖို့ လူစားလဲလိုက်ရတာဖြစ်တယ်လို့ ဖြေရှင်းထားပါတယ်။

၂၀၂၄ နွေရာသီမှာ ဘရုဂျက်အသင်း ဆီကနေ ပေါင် သန်း ၃၀ နဲ့ရောက်လာခဲ့တဲ့ သီယာဂိုဟာ အသင်းသစ်နဲ့ ပထမဆုံးရာသီမှာ ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါး အနားယူခဲ့ရတာဖြစ်ပြီး အခုရာသီမှာတော့ ဘရန့်ဖို့ဒ်အသင်းတိုက်စစ်မှာ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။




