ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးအသင်းကို အိမ်ကွင်း လက်ခံကစားတဲ့ပွဲမှာ အာဆင်နယ်အသင်းရဲ့ စိန်ခေါ်နိုင်မှုကို သက်သေပြကြဖို့ နည်းပြ အာတီတာက တိုက်တွန်းလိုက်ပါတယ်။

မန်စီးတီးအသင်းဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ပွဲမှာ သရေကျသွားတဲ့အတွက် အာဆင်နယ်အသင်းက အခုညကစားမယ့် လီဗာပူးအသင်းနဲ့ ပွဲမတိုင်မီ မန်စီးတီးအသင်းကို ၅ မှတ်ဖြတ်ထားနိုင်ပြီး လီဗာပူးအသင်းကိုသာ အနိုင်ရခဲ့မယ်ဆိုရင် ၈ မှတ်အထိ ဖြတ်ထား နိုင်တော့မှာလည်းဖြစ်ပါတယ်။

လက်ရှိချန်ပီယံ လီဗာပူးအသင်းက စက်တင်ဘာနဲ့ နိုဝင်ဘာကြားကာလမှာ ရလဒ် ဆိုးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် လက်ရှိအချိန်မှာတော့ ရလဒ်တွေတည်ငြိမ်နေပြီး အာဆင်နယ်အသင်းနဲ့ ၁၄ မှတ်အကွာ စတုတ္ထနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပထမအကျော့ လီဗာပူးအိမ်ကွင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပေမယ့် လီဗာပူးကွင်းလယ်လူ ဆိုဘော့ဇ်လိုင်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီး အခုအိမ်ကွင်းပွဲမှာ ဒီရှုံးနိမ့်မှုကို လက်စားပြန်ချေနိုင်မယ်လို့ နည်းပြ အာတီတာ ယုံကြည်နေပါတယ်။

လက်ရှိချန်ပီယံအသင်းနဲ့ ကစားရမယ့်ပွဲက စိတ်လှုပ်ရှားစရာကောင်းသလို အရေးပါတဲ့ပွဲတစ်ပွဲလည်း ဖြစ်ပါတယ် လို့ အာတီတာက ပွဲကြိုအင်တာဗျူးမှာ ဖြေသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၇ ပွဲဆက်အနိုင်ရထားပြီး ဒီရလဒ်ကောင်းကို လီဗာပူးနဲ့ပွဲမှာလည်း ဆက်ထိန်းနိုင်ဖို့အတွက် အာတီတာ မျှော်လင့်နေတာဖြစ်ပါတယ်။ အိမ်ကွင်းအမ်းမရိတ်စ်မှာ အားပေးနေမယ့် အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှု ကလည်း အသင်းနိုင်ပွဲအတွက် အရေးပါတဲ့ အကူအညီဖြစ်စေနိုင်လို့ ပရိသတ်တွေကိုလည်း အပြည့်အဝအားပေး ကြဖို့ အာတီတာက တောင်းဆိုထားပါတယ်။




