ဘုန်းမောက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် ကော်ဖီသောက်ခဲ့ရာမှာ စပါးအသင်းရဲ့ အခါးသီးဆုံး လန်ဒန် ပြိုင်ဘက် အာဆင်နယ်အသင်း အမှတ်တံဆိပ်ပါတဲ့ ကော်ဖီခွက်နဲ့ သောက်ခဲ့မှုကို သတိမထားမိဘူးလို့ စပါးနည်းပြ သောမတ်စ်ဖရန့်ခ်က ဝန်ခံလိုက်ပါတယ်။

တကယ်လို့ သိရက်နဲ့ အခုလိုလုပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ မိုက်မဲမှု တစ်ခုဖြစ်လိမ့်မယ်လို့ ဖရန့်ခ်က ပြောပါတယ်။
ဗုဒ္ဓဟူးညက ကစားတဲ့ ဘုန်းမောက်အသင်းနဲ့ မတိုင်ခင်မှာ အာဆင်နယ်အသင်း အမှတ်တံဆိပ်ပါ ကော်ဖီခွက်ကို ကိုင်ထားတဲ့ စပါးနည်းပြ ဖရန့်ခ်ရဲ့ ပုံတွေက လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပြီးနောက် ဖရန့်ခ်အပေါ် ဝေဖန်မှုတွေ ရှိလာခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဘုန်းမောက်အသင်းကို စပါးအသင်း ရှုံးနိမ့်ခဲ့ပြီးနောက် ဝေဖန်မှုတွေက ပိုမိုကျယ်လောင်လာခဲ့တာဖြစ်ပါတယ်။

ပွဲတစ်ပွဲမစခင်မှာ ကော်ဖီ တစ်ခွက်သောက်လေ့ရှိတာက ပုံမှန်ဖြစ်ပြီး ဘုန်းမောက်အသင်းနဲ့ပွဲမတိုင်ခင်မှာလည်း ကော်ဖီတစ်ခွက်ပေးဖို့ အသင်းဝန်ထမ်းတစ်ယောက်ကိုမှာခဲ့ပြီး ပုံမှန်အတိုင်းသောက်ခဲ့တာဖြစ်တယ်လို့ နည်းပြ ဖရန့်ခ်က ပွဲအပြီးမှာ ဖြေရှင်းခဲ့ပါတယ်။

ဒီလိုမေးခွန်းမျိုးကို ပြန်ဖြေနေရတာက နည်းနည်းစိတ်မသက်မသာဖြစ်ရသလို သူ့အနေနဲ့ တစ်ခြားအသင်းအမှတ်တံဆိပ်ပါတဲ့ခွက်ကို ကိုင်ထားမှုမျိုး ဘယ်တော့မှလုပ်မှာမဟုတ်ဘူးလို့လည်း ဖရန့်ခ်က ဆက်ပြောသွားပါတယ်။

လက်ရှိအမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာရောက်နေတဲ့ စပါးအသင်းရဲ့ ရလဒ်တွေနဲ့ ပတ်သက်လို့ နည်းပြ ဖရန့်ခ်လည်း ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။




