နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ မြတ်လေးလမ်းက နေအိမ်တစ်အိမ်မှာ မိသားစုဝင် ၃ ယောက် အသတ်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို ဥတ္တရခရိုင်တရားရုံးက အောက်တိုဘာ ၈ ရက်က သေဒဏ်နဲ့ထောင်ဒဏ်တွေ ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေသိရပါတယ်၊၊
အဲဒီအမှုက ကျူးလွန်သူရဲထက်ကျော်(ခေါ်)ကိုချစ်အပါအဝင် လေးယောက်အပေါ် ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄/၃၄၊ ၂၀၁၊ ၂၀၂/၁၀၉ နဲ့ ဥတ္တရခရိုင်တရားရုံးကို တရားစွဲတင်ပို့ခဲ့ပြီး ကလေးသူငယ်ဖိုးလပြည့် (ခေါ်) ဝင်းမင်းသူ(ခေါ်)ဇော်ဇော်ကိုတော့ ရာဇသတ်ကြီးပုဒ်မ ၃၀၂၊ ၃၉၄ /၃၄ နဲ့ ဥတ္တရသီရိမြို့နယ်တရားရုံးကို တရားစွဲတင်ပို့ခဲ့တာပါ။
အဲဒီနောက် သက်ဆိုင်ရာတရားရုံးကစစ်ဆေးပြီးနောက် ကျူးလွန်သူရဲထက်ကျော်(ခေါ်)ကိုချစ်အပေါ် သေဒဏ်နဲ့ထောင်ဒဏ် အနှစ် ၂၀၊ နန်းကိုသူ(ခေါ်)နန်းမောင် အပေါ် သေဒဏ်နဲ့ ထောင်ဒဏ် ၁၀ နှစ်၊ ကျော်အေး (ခေါ်) ပသိုင်းအပေါ် ပုဒ်မနှစ်ခုနဲ့ အလုပ်နဲ့ထောင်ဒဏ် ခုနစ်နှစ်နဲ့ အလုပ်နဲ့ထောင်ဒဏ်ခြောက်လစီ၊ ကျော်သူအပေါ် အလုပ်နဲ့ ထောင်ဒဏ်ခြောက်လ အသီးသီးကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာပါ။
ကလေးသူငယ် ဖိုးလပြည့်(ခေါ်)ဝင်းမင်းသူ(ခေါ်) ဇော်ဇော်အပေါ် မိသားစုဝင်သုံးယောက်ကို သေစေတဲ့အတွက် ထောင်ဒဏ် ခုနစ်နှစ်စီချမှတ်တဲ့ပြစ်ဒဏ်သုံးရပ်ကို တစ်ပြိုင်တည်းကျခံစေဖို့နဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၉၄ အရ ထောင်ဒဏ်သုံးနှစ်ကို သီးခြားကျခံစေဖို့ ဥတ္တရသီရိမြို့နယ်တရားရုံးက အသီးသီးအမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။