ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက်လှူဒါန်းငွေမှာ ကျပ်ဘီလီယံ ၅၀ ကျော်ရှိပြီဖြစ်တယ်လို့ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမမှာကျင်းပတဲ့ ရေဘေးသင့်ဒေသတွေမှာကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် စေတနာရှင်၊အလှူရှင်တွေက တတိယအကြိမ် ပေးအပ်လှူဒါန်းပွဲမှာပြောကြားခဲ့တာပါ။
ရေဘေးသင့်ဒေသတွေမှာကူညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အင်တိုက်အားတိုက်နဲ့အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် အလှူငွေပေးအပ်ပွဲတွေဆောင်ရွက်ခဲ့ရာ ပထမအကြိမ်မှာ ကျပ် ၃၂ ဘီလီယံကျော်နဲ့ ဒုတိယအကြိမ်မှာကျပ် ၁၀ ဘီလီယံကျော်ရရှိခဲ့တယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
ရေဘေးသင့်ခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ရာမှာ အလှူရှင်တွေအနေနဲ့လည်း အခုလို တစ်ဖက်တစ်လမ်းကပါဝင်လှူဒါန်းပေးတာကြောင့် လုပ်ငန်းတွေပိုမိုမြန်ဆန်စွာနဲ့ ပြီးမြောက်နိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုဖြစ်ပေါ်လာတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်တွေမှာ နိုင်ငံ့အရေးအတွက် အားတက်သရောလာရောက်လှူဒါန်းပေးမှုတွေအတွက်လည်း စေတနာရှင်အလှူရှင်တွေကို နိုင်ငံတော်အနေနဲ့ အထူးပင်အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်းပြောကြားလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောပါတယ်။
စေတနာရှင်၊ အလှူရှင်တွေက တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲမှာတော့ ပြန်လည်ထူထောင်ရေးပစ္စည်းတွေနဲ့ အလှူငွေ စုစုပေါင်းကျပ် ၁၁ ဒသမ ၉၇ ဘီလီယံကျော်လက်ခံရရှိခဲ့တယ်လို့လည်းသိရပါတယ်။