အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟုရဲ့ ညွန့်ပေါင်းအဖွဲ့က လက်ယာစွန်း အဖွဲ့ဝင်တစ်ယောက်ဟာ ဖမ်းဆီးခံ ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ ဟားမာ့စ်နဲ့ မဆင်မခြင် သဘောတူညီချက်ရယူဖို့ကြိုးစားရင် အစိုးရအဖွဲ့က နုတ်ထွက်မယ်လို့ ဇန်နဝါရီ ၃၀ ရက်က ခြိမ်းခြောက်ခဲ့ပါတယ်။
မဆင်မခြင် သဘောတူညီချက်ယူတာက အစိုးရကိုဖျက်သိမ်းတာလို့ ဂျူးစွမ်းအားပါတီက အစ်တမာ ဘန် ဂီရ် (Itamar Ben-Gvir)က X လူမှုကွန်ရက်မှာ ပို့စ်တင်ခဲ့တာပါ။
ကာတာနဲ့ အီဂျစ်တို့ ကြားဝင်စေ့စပ်မှုနဲ့ ဂါဇာမှာ ဟားမာ့စ်ကို အစ္စရေးက ထိုးစစ်ဆင်နေတာကို ကာလရှည်ဆိုင်းငံ့ထားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေထွက် ပေါ်နေချိန်မှာ အခုလို ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ရှေးရိုးစွဲဝါဒီ နေတန်ညာဟုကတော့ ဟားမာ့စ်အဖွဲ့ကို ချေမှုန်းဖို့ ကတိကဝတ်ကို အလေးပေးပြောဆိုခဲ့ပြီး စစ်ရေးအရဖိအားပေးမှုက ဓားစာခံ ၁၃၂ ယောက်ကို ပြန်လည်ရရှိဖို့ အခွင့်အလမ်းတွေ တိုးမြင့်လာစေတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဆုံးဖြတ်ချက်ချတဲ့ စစ်ဖက်အစိုးရအဖွဲ့ရဲ့ အနည်းဆုံးအဖွဲ့ဝင်တစ်ယောက်က ကယ်ဆယ်ရေးမစ်ရှင်ရဲ့အလားအလာပေါ် သံသယရှိနေပြီး ဓားစာခံအရေး သဘောတူညီချက်တစ်ခုရယူဖို့ တောင်းဆိုခဲ့ပါတယ်။ နေတန်ညာဟုဟာ လက်ဝဲနဲ့လက်ယာ နှစ်ဖက်စလုံးက ဖိအားပေးခံနေရတယ်လို့ ထင်ကြေးပေးခံနေရပြီး ပိုကျယ်ပြန်တဲ့ အစိုးရအဖွဲ့ ပြောင်းလဲခန့်အပ်မှုနဲ့ အဲဒီထက်ကျော်လွန်ပြီး ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ကျင်းပတဲ့ အခြေအနေဆိုက်ရောက်လာနိုင်တယ်လို့ ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်လာနေပါတယ်။
စစ်ပွဲအတွက် ညီညွတ်ရေးအစိုးရမှာ မပါဝင်တဲ့ လွှတ်တော်အတိုက်အခံခေါင်းဆောင် ဗဟိုဝါဒီ ယာအီယာ လာပစ်ကတော့ ဓားစာခံကိစ္စနဲ့ ပတ်သက်လို့ လက်ယာပုန်ကန်မှု ပေါ်ပေါက်လာရင် အစိုးရကို ပြင်ပကနေ ထောက်ခံသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။