ထိုင်းနိုင်ငံရဲ့ဗဟိုဘဏ်(BoT)နဲ့ ထိုင်းဘဏ်လုပ်ငန်းရှင်များအသင်းတို့က အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကို စုံစမ်းစစ်ဆေးရာမှာ ပါဝင်ပတ်သက်မှု မရှိတဲ့သူတွေရဲ့ ဘဏ်အကောင့်တွေကို အမြန်ဆုံး ပြန်လည် ဖွင့်ပေးသွား မယ့် မူဝါဒအသစ်ကို ကြေညာလိုက်တာကို The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။ ဘဏ်အကောင့်တွေ ပိတ်သိမ်းခံရတာနဲ့ပတ်သက်လို့ လူအများရဲ့ မကျေနပ်မှုတွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်း က ထွက်ပေါ်လာပြီးနောက် အခုလို ဆောင်ရွက်ခဲ့တာပါ။

အဲဒီငွေကြေးစီးဆင်းမှုကို “ လိုက်လံထိန်းချုပ်” တဲ့လုပ်ငန်းစဉ်မှာ ရိုးသားတဲ့သူတွေရဲ့အကောင့်တွေကို မတော်တဆ ပိတ်မိတာမျိုးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ဘဏ်တွေကို လမ်းညွှန်ချက်အသစ်တွေ ပေးထား ပါတယ်။ အရင်က ၃ ရက်ကနေ ၇ ရက်အထိ ကြာမြင့်တဲ့လုပ်ငန်းစဉ်အစား အခုဆိုရင် ဘဏ်အကောင့် ယာယီ ပိတ်သိမ်းခံရတဲ့သူတွေက ဘဏ်ကို ဆက်သွယ်လာတဲ့အခါ လိမ်လည်မှုနဲ့ မပတ်သက်ကြောင်းတွေ့ရှိခဲ့ရင် ၄ နာရီ ဒါမှမဟုတ် အလုပ်ချိန် ၁ ရက်အတွင်းမှာ ပြန်လည်ဖွင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသုံးပြုသူက တိုင်ကြားမှု မရှိခဲ့ရင်တောင် အပြစ်မရှိတဲ့အကောင့်တွေကို အလိုအလျောက် ပြန်ဖွင့်ပေး သွားမဲ့စနစ်ကိုလည်း ရေးဆွဲနေပြီး တစ်ပတ်အတွင်း အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ အကောင့်ဆိုင်းငံ့ခံထားရတဲ့ သုံးစွဲသူတွေကို ဖြစ်စဉ်ဖြစ်ပွားတဲ့ ညမှာပဲ SMS (ဒါမှမဟုတ်) မိုဘိုင်းဘဏ်စနစ်ကနေတစ်ဆင့် အကြောင်းကြား ပေးသွားမှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်စီးပွားရေးနဲ့ လူမှုရေးဝန်ကြီးဌာန(DE)ရဲ့ အမြဲတမ်းအတွင်းဝန်က အဲဒါဟာ ဘဏ်အကောင့်တွေကို အပြီးပိတ်သိမ်းတာ မဟုတ်ဘဲ ငွေလိမ်လည်မှုမှာ သံသယရှိတဲ့ငွေပမာဏကိုပဲ ယာယီ ဆိုင်းငံ့ထားတာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ အဲဒီလိုဆိုင်းငံ့ထားတာကို အများဆုံး ၇ ရက်အထိပဲ လုပ်ဆောင်မှာဖြစ်ပြီး အဲဒီအချိန်အတွင်းမှာ ရဲတပ်ဖွဲ့က အထောက်အထားအသစ်တွေ မတွေ့ရှိခဲ့ရင်တော့ ဆိုင်းငံ့ထားတာကို ချက်ချင်း ပြန်လည်ဖွင့်ပေးသွားမှာပါ။ အသေးစားလုပ်ငန်းရှင်တွေသုံးတဲ့ ငွေပမာဏ နည်းနည်းတွေအစား သိန်းနဲ့ချီ၊ သန်းနဲ့ချီတဲ့ ငွေပမာဏ အများ အပြားကိုပဲ အဓိကထား စစ်ဆေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။




