အခုနှစ်ဇွန်လ ၂၄ ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကြေးဟာ အမေရိကန် ဒေါ်လာ ၂၂.၄ ဘီလီယံ အထိရှိလာပြီး ဒါဟာ ၂၀၂၃ခုနှစ် သြဂုတ်နောက်ပိုင်းမှာအမြင့်ဆုံးနိုင်ငံခြားအရန်ငွေကြေးသိုလှောင်မှုဖြစ်တယ်လို့ သိပါတယ်။

ပြီးခဲ့တဲ့လေးလအတွင်းက သွင်းကုန်တွေအတွက်ဘင်္ဂလားဒေ့ရှ်ရဲ့ပေးချေနိုင်တဲ့လုပ်နိုင်စွမ်းကို အဲဒီအရန်ငွေကြေးကမြှင့်တင်ပေးခဲ့တာပါ။ မြီရှင်နိုင်ငံအသီးသီးက ဘင်္ဂလားဒေ့ရှ်အစိုးရအတွက် ဘတ်ဂျက်ရန်ပုံငွေတွေကိုချပေးတဲ့ အချိန်မှာဒီလိုဖြစ်လာတာပါ။ဘတ်ဂျက်ရန်ပုံငွေထောက်ပံ့မှုအနေနဲ့ ဇွန်လ၂၃ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရက အာရှအခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံရေးဘဏ်နဲ့ ဒေါ်လာ သန်း ၄၀၀ချေးငွေစာချုပ်ကို လက်မှတ်ထိုးရေးခဲ့ပါတယ်။

ဒီကာလမတိုင်ခင်ကမ္ဘာ့ဘဏ်ကဒေါ်လာသန်း ၅၀၀ ထောက်ပံ့ပေးမယ်လို့ကြေညာခဲ့ပြီးဘင်္ဂလားဒေ့ရှ်ရဲ့ဘဏ်စနစ်တွေကိုပြုပြင်ပြောင်းလဲဖို့နဲ့ရာသီဥတုပြောင်းလဲမှုဒဏ်တွေကိုကြံ့ကြံ့ခံနိုင်ဖို့အတွက်အာရှဖွံ့ဖြိုးရေးဘဏ်ကဒေါ်လာသန်း ၉၀၀ ချေးငွေထုတ်ပေးမယ်လို့အတည်ပြုခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံတော်ဘဏ်ကနိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့နည်းလမ်းကိုသုံးပြီးတွက်ချက်ထားတဲ့ဒေတာအရ နိုင်ငံရဲ့နိုင်ငံခြားအရန်ငွေကြေးဟာ ဇွန် ၁၉ မှာဒေါ်လာ ၂၁.၃၈ ဘီလီယံ ရှိရာကနေ ဒေါ်လာ ၂၂.၄ ဘီလီယံ အထိ မြှင့်တက်လာခဲ့တာဖြစ်ပါတယ်။




