ပါကစ္စတန် ကာကွယ်ရေးဝန်ကြီးဌာနက မိမိတို့မြေပေါ်မှာ စစ်သွေးကြွတွေက အကြမ်းဖက် တိုက်ခိုက်တာ ဒါမှမဟုတ် အသေခံ တိုက်ခိုက်တာ ထပ်ပြီး လုပ်ဆောင်မယ်ဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမယ်လို့ အာဖဂန်နစ္စတန်ကို သတိပေးလိုက်တာကို AP သတင်းမှာဖော်ပြထားပါတယ်။ အခုလ စောပိုင်းက အာဖဂန်နစ္စတန်ရှိ ပါကစ္စတန် တာလီဘန်တွေ ပုန်းအောင်နေတဲ့ နေရာတွေကို ပါကစ္စတန် စစ်တပ်က တိုက်ခိုက်ခဲ့တာကြောင့် သောင်းကျန်းသူတွေလို့ ဆိုသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေဟာ အရပ်သားတွေ ဖြစ်တယ်လို့ အာဖဂန်နစ္စတန်က ပြောကြားပြီး ပါကစ္စတန် စစ်စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တာကြောင့် ပါကစ္စတန် စစ်သား ၅၈ ဦး သေဆုံးခဲ့ပါတယ်။နယ်စပ် တိုက်ခိုက်မှုတွေကြောင့် စစ်သား ၂၃ ဦး သေဆုံးတယ်လို့ ပါကစ္စတန် စစ်တပ်က ပြောပါတယ်။အစ္စတန်ဘူလ်မှာ လေးရက်ကြာ ဆွေးနွေးခဲ့ပေမယ့် အဖြေမထွက် ဖြစ်ခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက်က ကာတာနိုင်ငံ မြို့တော်ဒိုဟာမှာ နှစ်ဖက်အပစ်ရပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။

ပါကစ္စတန် မြေပေါ်မှာ အကြမ်းဖက် တိုက်ခိုက်မှု ဒါမှမဟုတ် အသေခံ တိုက်ခိုက်မှု ဖြစ်ခဲ့မယ်ဆိုရင် အာဖဂန်နစ္စတန်အနေနဲ့ ပိုခါးသီးတဲ့ အရသာကို ခံစားရလိမ့်မယ်လို့ ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အဆစ်က ပြောပါတယ်။ဝန်ကြီး အဆစ်ရဲ့ပြောဆိုမှုတွေ ဒါမှမဟုတ် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ မအောင်မြင်ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ကဘူးလ် အစိုးရက တစ်ခုမှ ထုတ်ပြန် ပြောဆိုမှု မရှိသေးပါဘူး။




