ဥရောပသမဂ္ဂဟာ အနောက်ရဲ့ပိတ်ဆို့ကန့်သတ်မှုတွေကို ရှောင်လွှဲပြီး ရုရှားနိုင်ငံအပေါ် ကူညီနေတဲ့ နိုင်ငံတွေကို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်ဖို့ ချိန်ဆနေတယ်လို့ ဘလွမ်းဘာ့ဂ်သတင်းမှာ ဖော်ပြပါရှိပါတယ်။ အနောက်နိုင်ငံအစိုးရတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းကတည်းက ရုရှားအပေါ် မကြုံစဖူး စီးပွားရေး ဒဏ်ခတ်မှု တွေ လုပ်ဆောင်နေခဲ့ကြတာပါ။

၁၈ ကြိမ်မြောက် စီးပွားရေးပိတ်ဆို့မှုကို ပြီးခဲ့တဲ့လက လုပ်ဆောင်ခဲ့ပြီး ၁၉ ကြိမ် မြောက်ကိုလည်း နောက်လမှာ လုပ်ဆောင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ဒါပေမဲ့ ဥရောပသမဂ္ဂဟာ ရုရှားကို တိုက်ရိုက်ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့နိုင်စွမ်းနဲ့ ပတ်သက်ပြီး အကန့် အသတ်ကို ရောက်နေပြီလို့ ဆိုပါတယ်။ ဒီသတင်းပတ်နှောင်းပိုင်းအတွင်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မှာ ပိုမိုပြင်းထန်တဲ့ ရွေးချယ်စရာတွေနဲ့ ပတ်သက်လို့ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော ဆွေးနွေးကြဖို့ ရှိနေတယ်လို့ သိရပါတယ်။၂၀၂၃ ခုနှစ်က အသုံးပြုခဲ့တဲ့ ပိတ်ဆို့ကန့်သတ်မှုအပေါ် ရှောင်ကွင်းမှု တိုက်ဖျက်ရေးနည်းလမ်းကို ပြန်အသုံးပြု ကြဖို့ မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ အဲဒါက အီးယူရဲ့ကန့်သတ်ချက်တွေကို ရှောင်လွှဲပြီး ရုရှားကို ကူညီနေ တယ်လို့ သံသယရှိတဲ့နိုင်ငံတွေအပေါ် ကုန်စည်တင်ပို့မှု၊ ထောက်ပံ့မှု ဒါမှမဟုတ် တချို့ကုန်စည်တွေ လွှဲပြောင်းပေးမှုကို ပိတ်ဆို့နိုင်စေမှာ ဖြစ်ပါတယ်။

အီးယူနိုင်ငံခြားရေးဝန်ကြီးတွေဟာ ရုရှားရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ဘဏ္ဍာရေးကဏ္ဍအပြင် ရုရှားကုန်စည် တွေကို ကုန်သွယ်မှုအပေါ် ကန့်သတ်မှုအသစ်တွေ ချမှတ်ဖို့လည်း စဉ်းစားနေတယ်လို့ ဆိုပါတယ်။ မော်စကိုဘက် ကတော့ ဒီလိုပိတ်ဆို့မှုတွေဟာ ရုရှားထက် အီးယူနိုင်ငံတွေကိုပဲ ပိုမိုထိခိုက်နေတယ်လို့ တောက်လျှောက်ပြောဆို လာခဲ့တာပါ။ မော်စကိုက ကုန်သွယ်မှုကို အနောက်ကနေ အာရှ၊ အရှေ့အလယ်ပိုင်းနဲ့တခြားဈေးကွက်တွေဆီ လမ်းကြောင်းပြောင်းလိုက်တဲ့အတွက် စီးပွားရေးပိတ်ဆို့မှုတွေက ရုရှားအပေါ် ထိရောက်မှုမရှိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။




