အစ္စရေးဟာ ယီမင်နိုင်ငံမြို့တော် ဆာနာကို ပြီးခဲ့တဲ့ ကြာသပနေးနေ့က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ တယ်လို့ ဟူသီအဖွဲ့လက်အောက်ခံရုပ်သံလိုင်း al-Masirah က သတင်းထုတ်ပြန်ခဲ့ပြီး အစ္စရေးသတင်းဌာနတွေ မှာတော့ ဒီတိုက်ခိုက်မှုဟာ ဟူသီသူပုန်အဖွဲ့ရဲ့ခေါင်းဆောင်ကြီးတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။

သူတို့ဟာ စစ်လေယာဉ်သံတွေ ကြားခဲ့ကြရပြီး အာတန်တောင်၊ အယ်လ်ဆာဘင်းရင်ပြင်နဲ့ ဗဟိုလုံခြုံရေးစခန်း တွေ အပါအဝင် ဆာနာမြို့တောင်ဘက်မှာ ပေါက်ကွဲမှုကြီးတွေ ဆယ်ကြိမ်လောက်ကို မြင်တွေ့ခဲ့ကြရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ဟူသီအဖွဲ့ကတော့ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတဲ့နေရာတွေမှာ ထိခိုက်သေဆုံးသူ ဘယ်လောက်ရှိတယ်ဆိုတာကို ထုတ်ပြန်တာ မရှိသေးသလို အစ္စရေးစစ်တပ်ရဲ့ထုတ်ပြန်ချက်တစ်ခုမှာလည်း ဆာနာမြို့မှာရှိတဲ့ ဟူသီအဖွဲ့ရဲ့ စစ်ရေးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အတည်ပြုခဲ့ပေမဲ့ တိုက်ခိုက်မှုရဲ့ ရလဒ်ကို ထည့်သွင်း ဖော်ပြထား တာ မရှိပါဘူး။

အစ္စရေးနိုင်ငံပိုင် စစ်တပ်ရေဒီယိုရဲ့ထုတ်လွှင့်မှုအရ ဟူဟီအဖွဲ့ရဲ့အကြီးအကဲများစွာဟာ ဆာနာမြို့ရဲ့ နေရာ အတော်များများမှာ စုဝေးနေခဲ့ကြပြီး အဲဒီနေရာအားလုံးကို မိနစ်ပိုင်းအတွင်း တစ်ပြိုင်နက် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဟူသီအရာရှိတွေဟာ သူတို့အဖွဲ့ခေါင်းဆောင် အဗ်ဒူလ်မာလစ်ခ်အယ်လ်ဟူသီရဲ့ ရုပ်မြင်သံကြားမိန့်ခွန်းကို ကြည့်ဖို့ အတွက် စုဝေးနေခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြခဲ့ပေမဲ့ အဲဒီအရာရှိတွေရဲ့ အချက်အလက်တွေကို ထုတ်ပြန်တာ မရှိခဲ့ပါဘူး။အဲဒီတိုက်ခိုက်မှုတွေဟာ အစ္စရေးစစ်တပ်က ယီမင်ကနေ ပစ်လွှတ်လိုက်တဲ့ ဒရုန်းနှစ်စင်းကို ကြားဖြတ်ဟန့်တား နိုင်ခဲ့တယ်လို့ ပြောကြားပြီးနောက် နာရီအနည်းငယ်အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။




