အစိုးရယန္တရားရပ်ဆိုင်းနေတဲ့ကြားက ဗာဂျီးနီးယားပြည်နယ်၊ နော်ဖော့ခ်မြို့မှာ ကျင်းပမယ့်ရေတပ် နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်ပွဲကို တက်ရောက်ဖို့အစီအစဉ်ကို ဖျက်သိမ်းမှာ မဟုတ်ဘူးလို့ သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်တာကို Reuters သတင်းမှာဖော်ပြထားပါတယ်။

အောက်တိုဘာ ၃ ရက် ညပိုင်းက သူ့ရဲ့ လူမှုမီဒီယာဖြစ်တဲ့ Truth လူမှုကွန်ရက်မှာ “ ဒီအခမ်းအနားကတော့ ဆက်သွားရမယ်လို့ ကျနော် ယုံကြည်တယ်” ဆိုပြီး ရေးသားလွှင့်တင်ခဲ့တာပါ။အိမ်ဖြူတော်ကနေ နော်ဖော့ခ်ရေတပ်အခြေစိုက်စခန်းကို မထွက်ခွာခင်မှာလည်း “ ဒါဟာ ရေတပ်ရဲ့ စွမ်းဆောင်ရည်နဲ့ အင်အားကို ပြသတဲ့ ပွဲတစ်ခု ဖြစ်လိမ့်မယ်” လို့လည်းရေးခဲ့ပါသေးတယ်။ပြီးခဲ့တဲ့ သီတင်းပတ် အောက်တိုဘာ ၁ ရက်ကစတင်ခဲ့တဲ့ အစိုးရယန္တရားရပ်ဆိုင်းမှုဟာ ပါတီအချင်းချင်း အပြစ်ပုံချတဲ့ မကျေလည်စရာ ပဋိပက္ခတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

လက်ရှိအခြေအနေမှာတော့ စစ်မှုထမ်းတွေဟာ လစာမရဘဲ အလုပ်ဆင်းနေရသလို ထောင်နဲ့ချီတဲ့ ဖက်ဒရယ်ဝန်ထမ်းတွေလည်း အလုပ်နားနေရပါတယ်။ ဒါ့အပြင် နယူးယောက်နဲ့ ချီကာဂိုလို ဒီမိုကရက်ပါတီမှအမတ်တွေ လွှမ်းမိုးတဲ့ နေရာတွေမှာတည်ရှိတဲ့ အဓိက အခြေခံအဆောက်အအုံနဲ့ စွမ်းအင်စီမံကိန်းတွေလည်း ရပ်ဆိုင်းနေပါတယ်။ဒီလို ရေတပ်ကို ဂုဏ်ပြုမယ့်ပွဲမှာ နိုင်ငံရေးပြဿနာတွေ ရောယှက်လာနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း အမေရိကန်ပြည်တွင်းမှာ ရှိနေပါတယ်။




