ထရမ့်အစိုးရက ဆေးဝါးကူညီမှုစီမံကိန်းမှာ စာရင်းပေးသွင်းထားသူတွေရဲ့ အချက်အလက်တွေကို ပြည်နှင်ဒဏ် ပေးမှု ဆောင်ရွက်တဲ့ အရာရှိတွေဆီ ပေးအပ်ခဲ့တဲ့အတွက် ကယ်လီဖိုးနီးယားနဲ့ အခြားပြည်နယ် ၁၉ ခုက ကိုယ်စားပြုရှေ့နေတွေဟာ ထရမ့်အစိုးရကို တရားစွဲဆိုထားတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံသား မဟုတ်သူတွေကို ဆေးဝါးကူညီမှုစီမံကိန်းမှာ စာရင်းသွင်းခွင့်ပေးထားတဲ့ ကယ်လီဖိုးနီးယား၊ အီလီနွိုက်စ်၊ ဝါရှင်တန်ပြည်နယ်နဲ့ ဝါရှင်တန်ဒီစီမှာ နေထိုင်သူတွေရဲ့ ကျန်းမာရေးအချက်အလက်တွေကို အမိမြေ လုံခြုံရေးဌာနဆီ ထုတ်ပေးဖို့ ကျန်းမာရေးဝန်ကြီးရဲ့ အကြံပေးတွေက ပြီးခဲ့တဲ့လတုန်းက အမိန့်ပေးခဲ့တာပါ။ အဲဒီပြည်နယ်တွေမှာ စာရင်းပေးသွင်းထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ပြည်နှင်ဒဏ်ပေးမှု ဆောင် ရွက်ရာမှာ ပိုမိုမြန်ဆန်စေဖို့ ထုတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ထရမ့် အစိုးရရဲ့လုပ်ရပ်က ပုဂ္ဂလိကကျန်းမာရေး အချက်အလက်တွေကို လျှို့ဝှက်ထားပြီး အများပြည်သူကျန်းမာ ရေးနဲ့ ဆေးဝါးကူညီမှုစီမံကိန်းတွေအကျိုးအတွက် မဖြစ်မနေလိုအပ်မှ ဝေမျှရမယ်ဆိုတဲ့ ဆယ်စုနှစ် ၇ စုကြာ ကျင့်သုံးခဲ့တဲ့ ဗဟိုအစိုးရဥပဒေမူဝါဒကို မထီမဲ့မြင် ပြုတာလို့ ကယ်လီဖိုးနီးယားပြည်နယ်ရှေ့နေချုပ်က ပြောကြား ခဲ့ပါတယ်။

ဒီမိုကရတ်တစ်ပါတီဝင် လွှတ်တော်အမတ်တွေကလည်း အချက်အလက်ဝေမျှမှုကို ရပ်ဖို့ သက်ဆိုင်ရာတွေဆီ စာတွေပို့ခဲ့ပြီး အမိမြေလုံခြုံရေးကိုလည်း ရရှိထားတဲ့အချက်အလက်တွေကို ဖျက်ဆီးပစ်ဖို့ တောင်းဆိုထား ပါတယ်။ဗဟိုအစိုးရရဲ့ဆေးဝါးကူညီရေးရန်ပုံငွေတွေကို အလွဲသုံးစားလုပ်မှု မရှိစေဖို့ စစ်ဆေးနေတာဖြစ်ပြီး ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်အတွင်းမှာပဲ ဥပဒေနဲ့အညီ ဆောင်ရွက်နေတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။




