မော်စကိုက အနောက်နိုင်ငံတွေရဲ့အရေးယူမှုတွေကြောင့် အာရှဘက်ကို ပစ်မှတ်ထားလာတာနဲ့အမျှ ဘေဂျင်းဟာ ရုရှားသတ္တုတွေကို တိုးမြှင့်ဝယ်ယူနေတယ်လို့ ဘလွန်းဘာ့ဂ်သတင်းမှာ ဖော်ပြထားပါတယ်။ယူကရိန်းပဋိပက္ခကြောင့် ရုရှားရဲ့ဝင်ငွေတွေကို ဖြတ်တောက်ဖို့ အမေရိကန်နဲ့ မဟာမိတ်တွေဟာ ရုရှားအခြေစိုက် သတ္တုတွေကို ပစ်မှတ်ထားနေကြတာ ဖြစ်ပါတယ်။

ဒီလိုအချိန်မှာ တရုတ်ဟာ ရုရှားရဲ့ အသုံးအဆောင်တွေကို အဓိက ဝယ်ယူတဲ့သူဖြစ်လာပြီး ပြီးခဲ့တဲ့နှစ်က နှစ်နိုင်ငံကြားကုန်သွယ်မှုဟာ ဒေါ်လာ ၂၄၀ ဘီလီယံကျော်လွန်ခဲ့ပြီး အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။၂၀၂၄ ခုနှစ် ဧပြီလမှာ အမေရိကန်နဲ့ဗြိတိန်ဟာ ရုရှားထုတ် အလူမီနီယံတွေ၊ ကြေးနီတွေ၊ နီကယ်တွေနဲ့ သတ္တု သွင်းကုန်အသစ်တွေကို ပိတ်ပင်ခဲ့တာပါ။ အစောပိုင်းမှာ ဝါရှင်တန်က ရုရှားထုတ် အလူမီနီယံ ထုတ်ကုန်တွေကို ၂၀၀ ရာခိုင်နှုန်း အခွန်ကောက်ခံပြီး ကနေဒါကတော့ ရုရှားထုတ် အလူမီနီယံနဲ့ သံမဏိတွေကို လုံးဝပိတ်ပင်ခဲ့တာ ရှိပါတယ်။

ရုရှားကတော့ ဒီလိုအရေးယူမှုတွေကို တရားမဝင်ဘူးလို့ ရှုတ်ချထားပြီး ပို့ကုန်တွေကို အာရှနဲ့ အရှေ့အလယ်ပိုင်းဆီ ပြန်ဦးတည်ထားပါတယ်။ အရေးယူခံထားရတဲ့ ရုရှားကုမ္ပဏီတချို့ကတော့ ငွေကြေးအပေးအယူကိစ္စတွေမှာ ပို့ကုန်တွေ အရေးယူပိတ်ဆို့မှု ဖိအားမခံရအောင် တရုတ်ကို သတ္တုတင်ပို့တာတွေနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို တရုတ်မှာ ပြောင်းလဲထုတ်လုပ်တာတွေလုပ်ဖို့ စီစဉ်နေကြပါတယ်။




