ယူကရိန်းသမ္မတ ဇယ်လန်စကီးနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ နှစ်ဦးဇူလိုင်လ၄ရက်က တယ်လီဖုန်း ပြောဆိုမှုမှာ လေကြောင်းရန်ကာကွယ်ရေးကိစ္စ ဆွေးနွေးခဲ့ပြီး ရုရှားရဲ့တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် ကိဗက်ပ် ရဲ့ “ ကောင်းကင်ကို ကာကွယ်နိုင်မှု” တိုးမြှင့်လုပ်ဆောင်ဖို့ သဘောတူခဲ့ကြတယ်လို့ Bloomberg သတင်းမှာရေးသားဖော်ပြထားပါတယ်။

ယူကရိန်းကို လက်နက်အချို့ တင်ပို့မှု ရပ်ဆိုင်းခဲ့တဲ့ ဝါရှင်တန် ဆုံးဖြတ်ချက်ဟာ ရုရှား လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်မြေပြင်ကို ခုခံကာကွယ်နိုင်စွမ်း အားနည်းသွားမှာဖြစ်တယ်လို့ ဇယ်လန်းစကီးကပြောပါတယ်။ ဒါ့ကြောင့် ယူကရိန်းက ပြင်းထန်လာတဲ့ ရုရှား လေကြောင်းတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် အဓိကသော့ချက်အဖြစ် မြင်တဲ့ Patriot ဒုံးကျည်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ ရောင်းချဖို့ ဝါရှင်တန်ကို တောင်းဆိုခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦးဖုန်းခေါ်ဆိုမှုဟာမိနစ် ၄၀ နီးပါးကြာမြင့်ခဲ့ပြီး လေကြောင်းရန် ကာကွယ်ရေး တိုးမြှင့်ရေး အပါအဝင် ယူကရိန်းရဲ့လက်ရှိ အခြေအနေကို ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်က ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ စိတ်ပျက်ဖွယ် ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ထရမ့်က ပြောကြားပြီးနောက် တစ်ရက်အကြာမှာ ယူကရိန်းသမ္မတနဲ့ ဖုန်းခေါ်ဆို ဆွေးနွေးမှုပြုလုပ်ပြီး ပူးတွဲကာကွယ်ရေးထုတ်လုပ်မှုအပြင် ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ထရမ့်က ပြောကြားထားပါတယ်။




