ရုရှားနိုင်ငံဟာ ဇွန်လ ၃ ရက်နေ့မှာ တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုတဲ့ပထမဆုံးနိုင်ငံ ဖြစ်လာတယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မကြာသေးခင်က ရုရှားအရာရှိတွေကလည်း အာဖဂန်နစ္စတန်ရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ တာလီဘန်နဲ့ ဆက်ဆံဖို့လိုအပ်ကြောင်း ပြောကြားခဲ့ပြီး တာလီဘန်ကို တရားမဝင်အဖွဲ့အစည်းစာရင်းကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနဟာ အာဖဂန်နစ္စတန်ဘက်က အသစ်ခန့်အပ်လိုက်တဲ့ သံတမန်ဆီကနေ သံတမန်ဆိုင်ရာအထောက်အထားတွေ လက်ခံရရှိခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အာဖဂန်အစိုးရကို အသိအမှတ် ပြုတာက နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးရာရောက်တယ်လို့ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါဟာ သမိုင်းတွင်မယ့်ခြေလှမ်းတစ်ခုဖြစ်ပြီး တခြားနိုင်ငံတွေအတွက်ပါ နမူနာကောင်းတစ်ခုအဖြစ် ထင်ဟပ်ပြသနေတာဖြစ်တယ်လို့ အာဖဂန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဩဂုတ်လကတာလီဘန်တွေဟာ အမေရိကန်နဲ့နေတိုးတပ်ဖွဲ့တွေ ဆုတ်ခွာသွားပြီးနောက် အာဖဂန်နစ္စတန်ကို ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီအချိန်ကထဲက တာလီဘန်တွေဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုအတွက် ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။အခုအချိန်ထိ တာလီဘန်အစိုးရကို တခြားဘယ်နိုင်ငံကမှ တရားဝင်အသိအမှတ်မပြုသေးပေမယ့် တာလီဘန်အဖွဲ့အနေနဲ့ နိုင်ငံတော်တော်များများနဲ့ အဆင့်မြင့်ဆွေးနွေးပွဲတွေ ပြုလုပ်ထားပြီး တရုတ်နဲ့ ယူအေအီးလို နိုင်ငံတွေနဲ့လည်း သံတမန်ဆက်ဆံရေး တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။




