ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ဖက်နိုင်ငံတွေကို အခွန်တိုးမြှင့်ကောက်ခံနေသလို ကနေဒါနိုင်ငံအပေါ်ကိုလည်း အခွန် ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ကောက်ခံမယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကြေညာချက်ထုတ်ပြန်ခဲ့တာ ကို Reuter သတင်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာကုန်သွယ်ဖက်နိုင်ငံတွေကို ၁၀ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ အကောက်ခွန်နှုန်းထား အသစ် အသေးစိတ်အချက်အလက်တွေကို လာမယ့် သီတင်းပတ်အတွင်း အိမ်ဖြူတော်ကနေ ထုတ်ပြန်ကြေညာ သွားဖို့ ရှိတယ်လို့ သိရပါတယ်။ကနေဒါအပေါ် ကောက်ခံမဲ့ အခွန် ၃၅ ရာခိုင်နှုန်းအပြင် တောင်အာဖရိက၊ ဆွစ်ဇာလန်နိုင်ငံတွေကိုလည်း အခွန် ၃၀ ရာခိုင်နှုန်း အထက် ကောက်ခံမဲ့နှုန်းထားတွေကို အကြမ်းဖျင်းဖော်ပြခဲ့တာကြောင့် အမေရိကန်ထုတ်ပြန်တဲ့ ကုန်သွယ်မှုအမိန့်တွေက ကုန်သွယ်ဖက်နိုင်ငံတွေအတွက် အကြီးအကျယ် ဂယက်ရိုက် တုန်လှုပ်သွားစေပါတယ်။

ကနေဒါအပေါ် အခွန်စည်းကြပ်မှုနှုန်းအသစ်က တရားမဝင်ဆေးဝါးတွေကို ထိန်းချုပ်ဖို့အတွက် မတူညီတဲ့ အမိန့်အောက်မှာ ရှိနေတာဖြစ်ပြီး မူလစီစဉ်ထားတဲ့အတိုင်း အခွန်ကောက်ခံမှုအသစ်က ဒီကနေ့ သြဂုတ် ၁ ရက်မှာ စတင် အသက်ဝင်မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်ကလည်း အမေရိကန်က တောင်ကိုရီးယားအပေါ် သွင်းကုန်ခွန် ၁၅ ရာခိုင်နှုန်း ကောက်ခံ မှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ထရမ့်က ကြေညာခဲ့ပါတယ်။ ဒါဟာ အမေရိကန်နဲ့တောင်ကိုရီးယား နှစ်နိုင်ငံ အကြား ပြီးပြည့်စုံတဲ့ ကုန်သွယ်ရေး သဘောတူညီချက် တစ်ရပ်ဖြစ်ပြီး တောင်ကိုရီးယားက ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်ကို ဒေါ်လာ ၃၅၀ ဘီလီယံ ပေးမှာဖြစ်တယ်လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာ စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။