ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမာ့စ် နိုင်ငံရေးခေါင်းဆောင်တွေကို အစ္စရေးက သတ်ဖို့ကြိုးပမ်းခဲ့တဲ့ ကာတာအပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလာတာကို CNN သတင်းက ဖော်ပြထားပါတယ်။

ထရမ့်က အစ္စရေးရဲ့တိုက်ခိုက်မှုအတွက် အလွန်စိတ်မချမ်းမသာဖြစ်ရကြောင်း အိမ်ဖြူတော်မှာ စက်တင်ဘာ ၉ ရက်က သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ “ ဒါက အခြေအနေမကောင်းပါဘူး၊ ငါတို့က ဓားစာခံတွေကို ပြန်လိုချင်တယ်၊ ဒါပေမဲ့ ဒီနေ့ကျဆုံးသွားတဲ့လမ်းအတွက် ငါတို့ ဝမ်းမသာဘူးလို့ ထရမ့်က ပြောပါတယ်။စက်တင်ဘာ ၉ ရက်က ကာတာနိုင်ငံရဲ့ မြို့တော် ဒိုဟာမှာ ရှိနေတဲ့ ဟားမာ့စ် ခေါင်းဆောင်ပိုင်းတွေနဲ့ အရာရှိ တွေကို ပစ်မှတ်ထားပြီး အစ္စရေးက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။အစ္စရေးစစ်တပ်က အဲဒီ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကို အတည်ပြုခဲ့ပြီး ဟားမာ့စ် ခေါင်းဆောင်တွေ ရှိနေတဲ့ အဆောက်အအုံတွေကို ပစ်မှတ်ထားခဲ့တာလို့ ပြောပါတယ်။

ဒါပေမဲ့ ဘယ်အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ တာလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ကာတာဟာ အစ္စရေးနဲ့ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမာ့စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေ အထမြောက်အောင် အဓိက ကြားဝင် စေ့စပ်ပေးနေတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ အစ္စရေးက ဟားမာ့စ်တွေအနေနဲ့ လက်နက်ချ အညံ့ခံမလား၊ အပြီးတိုင် ချေမှုန်းသုတ်သင် ခံရမယ့် ကံကြမ္မာဆိုးကို ရင်ဆိုင်မလားလို့ ရာဇသံပေးခဲ့ ပြီး ၂ ရက်အတွင်းမှာ အခု တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။




