အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အီရန်အစိုးရအပေါ် လူထုရဲ့မကျေနပ်မှုတွေ မြင့်တက်လာပြီး အစိုးရ ဆန့်ကျင်ကန့်ကွက်ပွဲတွေ ပြန်လည်ပေါ်ပေါက်လာစေဖို့အတွက် အီရန်နိုင်ငံထဲက ပစ်မှတ်အချို့ကို စစ်ရေးအရ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေက ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြလာပါ တယ်။

သမ္မတထရမ့်ဟာ အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ပိုမိုတင်းကျပ်တဲ့ သဘောတူညီ ချက်သစ်ကို လက်ခံဖို့ ဖိအားပေးနေတာဖြစ်ပြီး တကယ်လို့ တီဟီရန်အစိုးရက ငြင်းဆန်မယ်ဆိုရင် စစ်ရေးအရ အရေးယူသွားမယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။

အခုလို တိုက်ခိုက်ဖို့ စဉ်းစားရတဲ့ ရည်ရွယ်ချက်ဟာ အီရန်အစိုးရရဲ့ အာဏာစက်ကို အားနည်းသွားစေဖို့နဲ့ ပြည်တွင်းမှာ ကန့်ကွက်ပွဲတွေ ပြန်လည်စတင်လာအောင် လှုံ့ဆော်ပေးဖို့ဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒီရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့အတွက် ဝါရှင်တန်အစိုးရက အကြမ်းဖက်မှုတွေမှာ တာဝန်ရှိတယ်လို့ ယူဆထားတဲ့ အီရန်စစ်ဘက်ခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေကို တိုက်ခိုက်ဖို့ နည်းလမ်းတွေကို သမ္မတ ထရမ့်က ရှာဖွေနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။




