စက်တင်ဘာလက လူထုအုံကြွမှုအတွင်း အစိုးရဖြုတ်ချခံခဲ့ရပြီးနောက်ပိုင်း နီပေါနိုင်ငံမှာ ပထမဆုံး ကျင်းပမဲ့ ရွေးကောက်ပွဲအတွက် မဲပေးမဲ့လူအသစ် ထောင်ပေါင်းများစွာ မှတ်ပုံတင်ထားကြောင်း ရွေးကောက်ပွဲ အရာရှိ တွေက ပြောကြားလိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။

ပထမဆုံးအကြိမ် မဲပေးဖို့ အမည်စာရင်း မှတ်ပုံတင်ထားသူပေါင်း ၈ သိန်း ၃ သောင်း ၇ ထောင်ကျော် ရှိတယ်လို့ ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ နာယာရန် ပရာဆတ် ဘာတာရီက ပြောပါတယ်။

မတ် ၅ ရက် လွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ တည်ထောင်ထားပြီးသား ပါတီ ၁၂၃ ခု မှတ်ပုံတင် ထားပြီး နောက်ထပ် ကိုယ်စားလှယ်အသစ် ၄၀ ကတော့ ဝင်ပြိုင်ခွင့် ရရှိရေး အတည်ပြုချက်ကို စောင့်ဆိုင်း နေတယ်လို့လည်း ဘာတာရီက ပြောပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ဖို့ စိတ်ဝင်စားသူ အရေအတွက် ပိုများလာပြီး အထူးသဖြင့် စီးပွားရေးခက်ခဲမှုနဲ့ အစိုးရ အကျင့်ပျက်ခြစားမှုတွေအတွက် လမ်းပေါ်ထွက်ခဲ့ကြတဲ့ လူငယ်တွေက သူတို့ရဲ့ တောင်းဆိုမှုတွေ အမှန်တကယ် အဓိပ္ပာယ်ရှိရှိ ပြောင်းလဲလာစေရေး အရေးပါတဲ့ စမ်းသပ်မှုအဖြစ် ရွေးကောက်ပွဲကို ရှုမြင်ထားကြပါတယ်။
လူထုအုံကြွမှုကြောင့် ရွေးကောက်ပွဲကို စိတ်ပါဝင်စားသူ ပိုများလာပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက မဲပေးဖို့ စာရင်းပေးထားသူတွေလည်း ရှိနေပါတယ်။




