အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အများဆုံး လုပ်ကိုင်နေကြတဲ့ မြဝတီ-မဲ့ထော်သလေး (KK Park) နယ် မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၆၃၅ လုံးရှိတဲ့အနက် အဆောက်အအုံ ၂၂၈ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ဖြစ်တယ်လို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကို အများဆုံး အခြေချလုပ်ကိုင်နေတဲ့ ရွှေကုက္ကိုလ်နယ်မြေနဲ့ KK Park နယ်မြေတွေမှာ အဖွဲ့စုံပါဝင်တဲ့ ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တွေနဲ့ ဝင်ရောက် ရှင်းလင်းတာတွေ၊ တရားမဝင်အဆောက်အအုံတွေကို ဖြိုချဖျက်ဆီးတာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ကျန်ရှိနေသေးတဲ့ တရားမဝင် အဆောက်အအုံတွေကိုလည်း ဆက်လက် ဖြိုချဖျက်ဆီးနေတယ်လို့ ဆိုပါတယ်။အလားတူ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာလည်း ရှင်းလင်းဖော်ထုတ်မှုတွေကို နိုဝင်ဘာ ၁၈ ရက်က စတင် ဆောင် ရွက်ခဲ့ပြီး နိုဝင်ဘာ ၂၄ ရက်အထိ ရွှေကုက္ကိုလ်နယ်မြေအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံ သား စုစုပေါင်း ၁၈၇၄ ယောက်နဲ့ အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်ရာမှာ အသုံးပြုတဲ့ ကွန်ပျူတာ ၃၀၉၈ လုံး၊ မိုဘိုင်းဖုန်း အလုံးပေါင်း ၂၁၇၅၀၊ Star Link ဘန်း ၁၀၂ လုံး၊ Router ၂၂ လုံးနဲ့ လုပ်ငန်းသုံးပစ္စည်း အများအပြားကို စိစစ်တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ(၃၀)ရက်ကနေ နိုဝင်ဘာလ (၂၄)ရက်အထိ မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ပြည်ပနိုင်ငံ သား ၁၂၆၈၇ ယောက်ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး အဲဒီအထဲက ၉၉၇၈ ယောက်ကို ထိုင်းနိုင်ငံက တစ်ဆင့် သက်ဆိုင်ရာနိုင်ငံတွေကို စနစ်တကျ ပြည်နှင်လွှဲပြောင်းပြီးဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။




