မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ နိုဝင်ဘာလ ၂၅ ရက် မနက်အစောပိုင်းက ကွယ်လွန်ခဲ့တယ်လို့ ဆရာကြီးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ဟာ နေအိမ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက်(၈၉)နှစ် ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ကွယ်လွန်သွားတဲ့အပေါ် ကြေကွဲဝမ်းနည်းရတာကို ဝါရင့်သင်္ချာဆရာကြီး ဦးမောင်မောင်တီ(သင်္ချာ)က အခုလို ပြောကြားပါတယ်။မြန်မာစာဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ဈာပနအခမ်းအနားပြုလုပ်မဲ့ အစီအစဉ် အသေးစိတ်ကိုတော့ မသိရသေး ဘူးလို့ ဆိုပါတယ်။ဆရာကြီးဟာ မုံရွာမြို့၊ အမှတ်(၂) အထကကနေ ၁၉၅၅ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းကို တစ်နိုင်ငံလုံးမှာ တစ်ဦး တည်း မြန်မာစာဂုဏ်ထူးရှင်အနေနဲ့ အောင်မြင်ခဲ့သူဖြစ်ပြီး အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေ ပြိုင်ပွဲတွေမှာလည်း ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့သူ ဖြစ်ပါတယ်။ဆရာကြီးဟာ ဆရာတင်မိုးနဲ့အတူ မြန်မာစာအဖြေကျော်၊ ဘဝကြေးမုံ စာကြေးမုံ (စာဆိုတို့၏ ဘဝနှင့်စာပေ)၊ ဂုဏ်ထူးစာစီစာကုံးတွေ ဆရာမင်းဏီနဲ့အတူ ညောင်းရွက်ကယ်တည့် ကလေဟန် လုံးချင်းဝတ္ထု၊ ဦးသန်းထွန်းနဲ့ အတူ တော်ဝင်စာမွန် (The Royal Essays)၊ စာယဉ်စာစီစာကုံးတွေ၊ လမ်းသစ်စာစီစာကုံးတွေ၊ လူရည်ချွန် စာစီစာကုံးတွေကို ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နှစ်စဉ်ထုတ် အဋ္ဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်း၊ သင်ရိုးကုန် စာအုပ်တွေ၊ အထူးထုတ်တွေ၊ မြန်မာစာပေအထွေထွေ၊ ဂုဏ်ထူးသတ်ပုံကျမ်း၊ ကဗျာပန်းမြိုင်၊ ဆရာလွတ် မြန်မာစာစီစာကုံး၊ အနုပညာစာပေ တတိယဆုရရှိခဲ့တဲ့ မြန်မာ့ဇာတ်သဘင်သမိုင်း၊ အမျိုးသားစာပေဒုတိယဆုရရှိခဲ့တဲ့ မြန်မာ့ရုပ်စုံသဘင်၊ ဆရာလွတ် မြန်မာစာစီစာကုံး၊ မြန်မာစာဋီကာ၊ မြန်မာစာစီစာကုံးတွေ၊ ပန်းစံပယ်စာစီစာကုံးတွေ၊ ရွှေဒေါင်းတောင် စာစီစာ ကုံးတွေ၊ ရွှေပြည်တန်စာစီစာကုံးတွေနဲ့ ဂုဏ်ထူးမော်ကွန်း၊ ရွှေရတုစာစီစာကုံးတွေကိုလည်း ထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။




