ရုရှားဒရုန်းတွေဟာ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ဒီကနေ့ နိုဝင်ဘာ ၂၅ ရက် အစောပိုင်းက ပျံသန်းဝင်ရောက် ခဲ့ပြီး အနည်းဆုံး လူနေအိမ်နှစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ကိယက်ဗ်မြို့ အရာရှိတွေက ပြောကြားခဲ့ တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ရုရှားဒရုန်းတွေကြောင့် လူလေးယောက် ဒဏ်ရာရရှိခဲ့တယ်လို့ အရာရှိတွေက ပြောကြားခဲ့ပြီး လက်ရှိမှာ လေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေက မြို့တော်တစ်ဝိုက်မှာ လှုပ်ရှားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Dnipro မြစ် အရှေ့ဘက်ကမ်းက ခရိုင်တစ်ခုမှာလည်း ရုရှားဒရုန်းတွေကြောင့် အထပ်မြင့်လူနေအိမ်တစ်လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ မြို့တော် စစ်ဘက်အုပ်ချုပ်ရေးအကြီးအကဲက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ လူလေးယောက်ကို ဆေးကုသပေးခဲ့ပြီး အနည်းဆုံး ရှစ်ယောက်ကိုလည်း အဆောက်အအုံ တွေထဲကနေ ကယ်ဆယ်နိုင်ခဲ့တယ်လို့လည်း အဲဒီအကြီးအကဲက ပြောပါတယ်။
ရုရှားဒရုန်းတွေဟာ ကိယက်ဗ်မြို့ထဲကို ပျံသန်းဝင်ရောက်တာကြောင့် မြို့တော်မှာလည်ပတ်နေတဲ့ လျှပ်စစ် ဓာတ်အားနဲ့ ရေပေးဝေမှု ပြတ်တောက်တာတွေလည်း ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။




