မြန်မာ-ကိုရီးယား ပူးပေါင်းရိုက်ကူးထုတ်လုပ်မဲ့ All Pass လူငယ်ဒရာမာ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၂ရက် နံနက်၉နာရီအချိန်က ရွှေတိဂုံစေတီတော် အောင်မြေမှာ ပြုလုပ်ပါတယ်။ဒီရုပ်သံဇာတ်လမ်းတွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နဲ့ ကိုရီးယားဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ ပူးပေါင်းရိုက်ကူးမှာဖြစ်ပြီး ရုပ်ရှင်ထူးချွန်ဆုရရှိထားသူ ကိုရီးယားဒါရိုက်တာ ရှင်ကီဝန်းက ဦးဆောင်မှာဖြစ်ပါတယ်။

ဇာတ်ညွှန်းက လူငယ်တွေကိုဦးစားပေးတဲ့ ဇာတ်ညွှန်းဖြစ်ပြီး နှစ်နိုင်ငံ ရိုးရာအလေ့အထတွေပါဝင်ကာ နှစ်ဦးနှစ်ဖက်အကျိုးရှိမဲ့ ဇာတ်လမ်းတွဲဖြစ်တယ်လို့ မြန်မာအသံနှင့်ရုပ်မြင်သံကြား ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းက ပြောပါတယ်။ဒီဇာတ်လမ်းတွဲကို လူငယ်တွေ အတွေးအခေါ်မှန်ကန်ပြီး ဘဝအောင်မြင်ရေးအတွက် အရည်အချင်းတွေ တိုးတက်လာစေဖို့၊ ကန့်သတ်ချက်တွေကြားကနေ ရုန်းကန်ကြိုးပမ်း ဆောင်ရွက်တတ်စေဖို့ရည်ရွယ်ပြီး ရိုက်ကူးတာဖြစ်တယ်လို့ ဆိုပါတယ်။အခုရိုက်ကူးမဲ့ ရုပ်သံဇာတ်လမ်းတွဲအတွက် မြန်မာနိုင်ငံဘက်က ဒါရိုက်တာ ဇော်G၊ DOP အကယ်ဒမီတင့်ဆန်း၊ နိုင်ဇော်ထွန်း၊ ဂျွန်ပီတာတို့က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင်တွေအဖြစ် လင်းလက်ခွန်းချို၊ ပြည့်စုံ၊ စီဆန်ကျော်ဇော၊ မေ့ချစ်သက်၊ သူရိန်မင်းခန့်၊ ဖြိုးဟန်ကျော်၊ အိန္ဒြာစိုးစံ၊ ကျော်သက်အောင်၊ ရာဇာအောင်၊ မြနန္ဒာ၊ ဖြူဖြူခိုင်တို့ ပါဝင်မှာဖြစ်ပါတယ်။

ကိုရီးယားနိုင်ငံဘက်ကတော့ ဒါရိုက်တာရှင်ကီဝန်းဦးဆောင်တဲ့ ဒါရိုက်တာအဖွဲ့နဲ့အတူ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ မိုဂွန်ဟူး၊ ပတ်ဆန်ဟာ၊ ချိုချန်ဟွန်း တို့အပါအဝင် သရုပ်ဆောင် ၉ဦး ပါဝင်မှာဖြစ်ပါတယ်။အခုလို မြန်မာ-ကိုရီးယားပူးပေါင်းပြီး ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးခွင့်ရတာကြောင့် မြန်မာလူငယ်သရုပ်ဆောင်တွေအတွက် အခွင့်အလမ်းတွေရရှိစေတယ်လို့ ဇာတ်လမ်းတွဲမှာပါဝင်တဲ့ လူငယ်သရုပ်ဆောင်တွေက ပြောပါတယ်။ All Pass ရုပ်သံဇာတ်လမ်းတွဲကို မြန်မာနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတို့မှာ ရိုက်ကူးသွားမှာဖြစ်ပြီး လာမဲ့ မတ်လမှာ အပြီးရိုက်ကူးထုတ်လုပ်ကာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)နဲ့ ကိုရီးယားနိုင်ငံ IHQ Channel တို့မှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။




