ပြင်ဦးလွင် ကော်ဖီစီမံကိန်း၌ စိုက်ပျိုးမှုမရှိလျှင် လုပ်ကိုင်ခွင့် ရုပ်သိမ်းမည်
One News
Nov 27, 2026
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ ကော်ဖီစီမံကိန်း လုပ်ငန်းရှင်တွေအနေနဲ့ ကော်ဖီပင်တွေ ဖြစ်ထွန်းအောင် စိုက်ပျိုးထားတာ မရှိရင် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ကိုင်ခွင့် ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၆ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရုံးအမှတ်(၄၃)ရှိ အစည်းအဝေးခန်းမမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ပြင်ဦးလွင် ကော်ဖီစီမံကိန်း လုပ်ငန်းရှင်တွေ တွေ့ဆုံဆွေးနွေးပွဲက သိရတာပါ။တွေ့ဆုံရာမှာ ပြင်ဦးလွင်ကော်ဖီ စီမံကိန်း လုပ်ငန်းရှင်တွေအနေနဲ့ နည်းပညာ၊ မျိုးစေ့၊ ပျိုးပင် လိုအပ်ချက်တွေနဲ့ တခြား အခက်အခဲတွေ ရှိရင် စိုက်ပျိုးရေးဦးစီးဌာနနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့လည်း စိုက်ပျိုးထားတဲ့ ကော်ဖီပင်တွေကို အပင်ဖြစ် ထွန်းအောင်မြင်မှုရှိအောင် ထိန်းသိမ်းပြုစုကြဖို့ လိုအပ်ပြီး ထပ်မံကွင်းဆင်းစစ်ဆေး လို့ ကော်ဖီပင်တွေ ဖြစ်ထွန်းအောင် စိုက်ပျိုးထားတာ မရှိရင် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ကိုင် ခွင့် ရုပ်သိမ်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ကော်ဖီစီမံကိန်း ဧရိယာအတွင်းရှိ ကော်ဖီစိုက်ပျိုးဖို့ လုပ်ကိုင်ခွင့် ချထားပေးတဲ့ မြေတွေအပေါ် စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေကို မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့တွေ ဖွဲ့စည်းကာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလကနေ နိုဝင်ဘာလအထိ ကွင်းဆင်း စစ်ဆေးခဲ့ပြီး တချို့က ဧရိယာပြည့် စိုက်ပျိုးထားမှု မရှိတာ၊ တချို့က စိုက်ပျိုးထားတယ် ဆိုရုံမျှသာ စိုက်ပျိုးထားတာတွေကို စစ်ဆေးတွေ့ရှိတယ်လို့ သိရပါတယ်။ဒါကြောင့် မြေပြင်ကွင်းဆင်း စစ်ဆေးချက်အရ မြေဧရိယာ အပြည့်အဝ မစိုက်ပျိုးဘဲ တစ်စိတ်တစ်ကိုသာ စိုက်ပျိုး ထားသူ လုပ်ငန်းရှင် ၁၁ ယောက်နဲ့ ဖြစ်ထွန်းအောင်မြင်မှု အားနည်းသူ လုပ်ငန်းရှင် ၅၆ ယောက်တို့ကို ခေါ်ယူ တွေ့ဆုံ ဆွေးနွေးပြောကြားခဲ့တာ ဖြစ်ပါတယ်။
One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ
SUBSCRIBE
အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးဆောင်ရွက်ရန်ဒုသမ္မတတိုက်တွန်း
Developer
Nov 15, 2026 46အရန်ဆန်တိုးမြှင့်စုဆောင်းနိုင်ရေးအတွက် သက်ဆိုင်တဲ့ ဌာန၊ အဖွဲအစည်းအားလုံး လိုအပ်သလို ညှိနှိင်းပူးပေါင်းဆောင်ရွက်သွားကြဖို ဒုတိယသမ္မတ ဦးညိုစောက တိုက်တွန်းပြောကြားပါတယ်။