အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)တွေအနေနဲ့ သီးခြားရပ်တည်မနေဘဲ အကြီးစား စက်မှုကုန်ထုတ်လုပ်ငန်းကြီးတွေနဲ့ ချိတ်ဆက်လုပ်ကိုင်နိုင်ဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါ တယ်။MSME လုပ်ငန်းတွေဟာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျောရိုးဖြစ်ပြီး နိုင်ငံတကာမှာ MSME လုပ်ငန်းတွေဟာ ကုမ္ပဏီကြီးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ MSME လုပ်ငန်းအများစုဟာ ကုန်ထုတ်လုပ်ငန်းကြီးတွေနဲ့ ချိတ်ဆက်မှုအပိုင်းမှာ အားနည်းနေသေးတာကြောင့် ဈေး ကွက်နဲ့ နည်းပညာ စတာတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဦးအောင်ထူးက အကြံပြု ပြောပါတယ်။ မြန်မာ့ MSMEs လုပ်ငန်းအများစုမှာ ငွေအရင်းအနှီး၊ နည်းပညာ၊ ကျွမ်းကျင်မှု၊ ဈေးကွက် မရှိလို့ ကုန်ထုတ်စွမ်း အား လျော့ကျတာနဲ့ လျှပ်စစ်လုံလောက်မှုမရှိတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။ ဒီလို အခက်အခဲတွေကြောင့် ပိုဂရုစိုက်ဖို့ လိုအပ်ပြီး လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကူညီပေးနိုင်မဲ့ နည်းလမ်း တွေကို စဉ်းစားဖို့ လိုအပ်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာအောင်ထွန်းသက်ကလည်း ပြောပါတယ်။ မန္တလေးငလျင်ဒဏ်သင့်ဒေသတွေမှာ MSME တော်တော်များများ ထိခိုက်ခဲ့ရပြီး ငလျင်ကြောင့် ပြည်တွင်း အသား တင်ထုတ်ကုန်(GDP) ၂ ဒသမ ၆ ဘီလီယံ ကျဆင်းနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသလို နိုင်ငံတော် အစိုးရကလည်း ၁ ဘီလီယံလောက် ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ငလျင်အလွန်ကာလမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်လည်လုပ်ဆောင်ကြမယ်ဆိုရင် လာမယ့်နှစ်တွေမှာ မြန်မာ့စီးပွားရေးက ၃ ရာခိုင်နှုန်းလောက် မြင့်တက်နိုင်တယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။ ဒါဟာ မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့ဖို့အတွက် အခွင့်အလမ်းတစ်ခု ဖြစ်တာကြောင့် ဘဏ်တွေက လိုအပ်တဲ့ ချေးငွေ တွေကို ထုတ်ချေးပေးနိုင်မယ်ဆိုရင် ကမ္ဘာ့ဘဏ်မျှော်မှန်းထားတဲ့တိုင်း တက်လာနိုင်မှာဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဦးအောင်ထူးက ပြောပါတယ်။ ဒီအပြင် မြန်မာနိုင်ငံ ထွက်ကုန်တွေကို ကုန်ကြမ်းအပြင် တန်ဖိုးမြှင့် ထုတ် ကုန်တွေ ထုတ်လုပ်တင်ပို့နိုင်ရင် ပို့ကုန်ဝင်ငွေ ပိုမိုလာရှိလာမှာဖြစ်ပြီး Made In Myanmar ထုတ်ကုန်တွေ ထုတ် လုပ်နိုင်ဖို့လည်း လိုအပ်တယ်လို့ ဆိုပါတယ်။




