ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ငွေကျပ် ၁၇ ဘီလီယံခွဲဖိုး ရင်းနှီးမြုပ်နှံမဲ့ ဟိုတယ်လုပ်ငန်းကဏ္ဍတွေကို ခွင့်ပြုပေးခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ဩဂုတ်(၁၄)ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေးမှာ အခုလို ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ဟိုတယ်အဆောက်အဦတည်ဆောက်ခွင့်(၂)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်(၃)ခု၊ တည်းခိုရိပ်သာ (မိုတယ်) လုပ်ငန်းလိုင်စင်(၁)ခု၊ သက်တမ်းတိုးနဲ့ဝန်ဆောင်မှု(၅၆)ခု၊ တည်းခိုဆောင် လုပ်ငန်းလိုင်စင်(၁)ခု၊ ခရီးလှည့်လည် ရေးလုပ်ငန်းလိုင်စင်(ပြည်ဝင်)သက်တမ်းတိုး(၁၇၇)ခု၊ ပြည်ပ ၇၁ ခု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြိုတင်ခွင့်ပြု မိန့်နဲ့ ထုတ်ပေးထားတဲ့ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်(ပြည်ဝင်)၃၆ခု၊ ပြည်ပ-၃၄ ခုတို့ကို ဆွေးနွေးဆုံးဖြတ် ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ဒီလို လုပ်ငန်းလိုင်စင်ခွင့်ပြုပေးခဲ့တဲ့ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေရဲ့ လုပ်ငန်းကဏ္ဍရင်းနှီးမြှုပ်နှံမှုပမာဏက ငွေကျပ် ၁၇ ဘီလီယံခွဲရှိပြီး လုပ်သားအင်အား ၅၈ ယောက်အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။




